Sunday, February 26, 2012

ဂျူနို-ရွှေကြယ်မိုး

ဒါဟာ အမှတ်တမဲ့ပါ
မေ့တော့ မမေ့လိုက်ပါနဲ့…ဂျူနို
အဝေးရောက်နေ့စွဲပေါင်းများစွာနဲ့
ငါတို့ အတူတကွ မရှိကြလည်း တိမ်တွေကို
ခေါင်းပေါ်မော့လို့ အတူကြည့်နိုင် ကြပါသေးတယ်
မော့လိုက်ပါ…နင့်ခေါင်းကို ဟိုးအမြင့်ဆုံးထိ မော့လိုက်ပါ

ဖမ်းဆုပ်လို့တော့ ဘယ်ရပါ့မလဲ ဂျူနို
အတွေးတွေ…အဝေးတွေ…အငေးတွေ
သေချာပါတယ်…ဂျူနိုရယ်
သိပ်ကိုသေချာလှပါတယ်
ငါနင့်ကို စွန့်လွှတ်လိုက်ရမှာပါ

နဲနဲလောက်ဖြစ်ဖြစ် ငါ ရပ်ကြည့်နေချင်သေးတယ်
နင်ငိုပဲငိုငို…ရယ်ပဲရယ်ရယ် ငါနဲ့မဆိုင်သလိုပုံစံလေးနဲ့ပေါ့
နင်သိပါတယ် ဂျူနို…
ဟိုးအရင်ကာလတွေထဲက ထိရှသမျှတွေကို ငါကပဲ
ဟန်ဆောင်ပြုံးပြစွာ ကောက်ယူသိမ်းဆည်းခဲ့ရတာ                  မဟုတ်လား
ဒီ့ထက်နည်းနည်းပဲ ပိုမှာပါ ဂျူနိုရယ်

ကံတရားကို ကြိုတင်ကြည့်မြင်မနေပါနဲ့တော့ ဂျူနို
ခုလောက်ဆို နင်သိလိုက်ရောပေါ့…
ငါဟာ ဘယ်နည်းနဲ့မှ နင် မဖြစ်နိုင်တော့ဘူးပေါ့
နင်မတိုက်လိုက်ရတဲ့ ကော်ဖီတွေအတွက်
စိတ်မကောင်း မဖြစ်ပါနဲ့ ဂျူနို
ငါက ခါးသက်သက် အရသာတွေကို မနှစ်သက်ပါဘူး

ငါဟာ နင့်အပြုံးလေးတွေ
ငါဟာ နင့်ရယ်သံလေးတွေ
ငါဟာ နင့်ဆံနွယ်လေးတွေ
တကယ်ပါ…ဒီလောက်ပါပဲ
နင်မဖန်တီးနိုင်သေးတဲ့ မေတ္တာတွေထက်
ဒီအရာလေးတွေကိုပဲ ငါရိုးသားစွာချစ်ခဲ့တာပါ

မှားတယ်ထင်လည်း ခွင့်လွှတ်လိုက်ပေါ့ ဂျူနို
မှန်…မှန် ပြနေရတဲ့ ငါ့အမှန်တရားကိုလည်း
ငါမုန်းလှပါပြီ…
ငါ့ရဲ့အမှန်တရားဟာ ငါ့နာကျင်ခြင်းပေါ့ ဂျူနိုရယ်

နင်…ကြယ်ကြွေညတွေကို ကောက်ယူကြည့်ခဲ့ဖူးလား ဂျူနို
ကြောက်ဖို့ကောင်းလိုက်တာ ဂျူနိုရယ်…
နာကျင်ကြေမွနေတဲ့ အတွေးတွေနဲ့ ဟိုးမနက်ဖြန်တွေအတွက်
ဆုတွေတောင်းနေလိုက်ရတာ…
အဲ့လိုဆုတောင်းရင်းနဲ့ပဲ မျှော်လင့်ချက်တွေကို ခြွေခြွေပေးလိုက်ရတာ…
သိပ်ကြောက်ဖို့ကောင်းတာပဲ ဂျူနိုရယ်

ဒီပုံစံအတိုင်းပဲ
ဒါဟာ အချစ်ပါလို့ သတ်မှတ်လိုက်ကြရအောင်
ဒါမှ ငါတို့ရဲ့ စွန့်လွှတ်ခဲ့ရတာတွေက ပိုချိုလာမပေါ့…
သေချာပါတယ် ဂျူနိုရယ်…
ငါတို့တွေ ဘယ်လောက်ဝေးနေတယ်ပြောပြော
ဒီည ငါ့အိပ်မက်ထဲကို နင်ရောက်လာဦးမှာပါ ဂျူနို
                                                ရွှေကြယ်မိုး
                                      (24/2/2012-9း10 PM)
                                       shwekyalmoe@gmail.com







No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်