Friday, June 15, 2012

ကျုပ်တို့ခေတ် ကျုပ်တို့ကျောင်းသား-ရွှေကြယ်မိုး

ကမ္ဘာမကြေဘူးနဲ့ အစချီ

ကမ္ဘာမကြေဘူးနဲ့ အဆုံးသတ်…

ဒီသီချင်းနဲ့အတူ ငါတို့တတွေ

ကမ္ဘာမကြေဘူး…

၂၁ရာစုနဲ့အတူ…ခေတ်သစ်တစ်ခုနဲ့အတူ

‘တောက်’တစ်ချက် ငါတို့ ခပ်ပြင်းပြင်းလေး

ခေါက်လိုက်တယ်…



အသစ်တွေပါဆိုပြီး ဘယ်လိုပြောပြော

အတုတွေဖြစ်နေတဲ့ကိစ္စကို ဘယ်လိုရှင်းကြမလဲ…

ကိုဘဟိန်းဟာ မီးတောက်နေတဲ့မြင်းခွါသံတွေနဲ့အတူ

ဒေါင်းအလံကြီးကိုကိုင်လို့ ကျုပ်တို့ဆီကို လာလည်လိမ့်မယ်..



သူလာတဲ့အခါကျရင်

ဒီနေ့ထက်ထိ သော့ဂလောက်တွေအထပ်ထပ်နဲ့

ကျောင်းတော်ကြီးကိုကြည့်ပြီး

ဝမ်းနည်းမိမှာ သေချာတယ်…

ကျုပ်တို့တက်ရောက်နေတဲ့ တက္ကသိုလ်အမည်ခံ

တောကြိုအုံကြားက ကျောင်းတွေကိုကြည့်ပြီး

ရင်ထုမနာဖြစ်ရဦးမှာလဲ သေချာတယ်…



ကမ္ဘာမကြေဘူး…

သူ …..ရေရွတ်မယ်…

မီးတောက်မြင်းခွါတွေကို တဖျောင်းဖျောင်းခတ်ရင်း

ရဲရဲနီနေတဲ့ ဒေါင်းအလံကြီးကို ဝှေ့ယမ်းရင်း

သူ…ကျုပ်တို့တွေကို ဂုဏ်ပြုကောင်းဂုဏ်ပြုလိမ့်မယ်…

ကျုပ်တို့တတွေကိုကြည့်ပြီး ၀မ်းနည်းကောင်းဝမ်းနည်း

လိမ့်မယ်…







ကျုပ်တို့နိုင်ငံကတော့ လွတ်လပ်ရေးရခဲ့ပြီ

ဘယ်လိုပဲပြောပြော…သူဟာ

ပါးစပ်ပေါက်တွေပိတ်နေတဲ့ ကျုပ်တို့ကိုကြည့်ပြီး

အမှောင်စုန်းစုန်းနစ်နေတဲ့ ကျောင်းသားတွေကိုကြည့်ပြီး…

ပျော်လှမယ်လို့တော့ မထင်ဘူး…



ဒီနေ့ခေတ် စာတော်ပါတယ် ဆိုတဲ့

ကျောင်းသားတွေဟာ

ကျောင်းသားသမိုင်းကို မသိ…

ကျောင်းသားသမဂ္ဂကို မသိ…

ပင်မကျောင်းတော်ကြီးကို မသိနဲ့

ဂျပ်စင် မရှိ…

သစ်ပုတ်ပင် မရှိ

နရံကပ်စာစောင် မရှိ…တဲ့

အမည်ခံတက္ကသိုလ်တွေမှာ ပျော်ပိုက်နေကြတာ



ကျုပ်တို့လိုပဲ ကိုဘဟိန်းလည်း

တောက်တစ်ချက်မက ခေါက်ဦးမှာသေချာတယ်…

ကျောင်းသားအခွင့်ရေးဆိုတာ စာကြည့်ရုံပဲရှိတယ်လို့

ပြောလေ့ရှိတဲ့သူတွေက ပါချုပ်တွေဖြစ်…

မော်ကွန်းထိန်းတွေဖြစ်နဲ့…

သူတို့အမိန့်ကို ကျုပ်တို့က တစ်သွေမသိမ်း

နာခံကြရမယ်တဲ့လေ…



ကိုဘဟိန်းရယ်…

ဒီခေတ်က ၀မ်းနည်းစရာကောင်းသလို

တစ်ဖက်ကကြည့်ပြန်တော့လည်း

ရယ်စရာ ကောင်းပြန်သား…

                             ရွှေကြယ်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်