အသံတွေ…အသံတွေ
လည်ချောင်းဝမှာ တစ်ဆို့လို့…
ထစ်ခနဲဆို ပစ်မယ်ဆိုတဲ့သေနတ်သံတွေကလည်း
မောင်းတင်သံတွေညံလို့ပေါ့…
ကျွန်တော်နေထိုင်ရာ ကမ္ဘာလေးဟာ
လမင်းကိုမျှော်လင့်နေတဲ့ ကြယ်တွေရဲ့ခံတပ်လေးတစ်ခုပါ
ကျောင်းသား ကျောင်းသူတွေရဲ့သက်ကယ်မိုးလေးတွေနဲ့ ကာရံထားပါတယ်…
ခေတ်အဆက်ဆက်က သွေးစက်လက်တွေကတော့
စမ်းချောင်းလေးအဖြစ် တသွင်သွင်စီးဆင်းလို့နေတယ်
အဲ့ဒီ့သွေးတွေမှာ
ပြည်သူလူထုရဲ့ သွေးတွေ…
ကျောင်းသားကျောင်းသူတွေရဲ့ သွေးတွေနဲ့
မထေရ်မြတ်တွေရဲ့သွေးတွေက ရောနှောစီးဆင်းလို့ပေါ့
(ပြည်သူ့မျက်ရည်လို့လည်း ခေါ်နိုင်ပါသေးရဲ့)
အို…ကွယ်
တို့ကျောင်းသားတွေဟာ မာန်လျှော့မှာမှ မဟုတ်ပဲ…
ဘယ်လမ်းကဘယ်လိုကြမ်းကြမ်း လက်တွဲလျှောက်ကြမြဲပေါ့
တခမ်းတနားခါးသက်ခဲ့ကြတဲ့ အာဏာရှင်အရိပ်ဆိုးလည်း
ပျက်သုဉ်းသွားဖို့ အချိန်တန်ပါပြီ
သန်းခေါင်ရံရဲ့ နာရီသံချို
အာဏာရှင်ရဲ့ တပ်လှန့်သံ
ဘယ်လိုပဲဖြစ်ဖြစ်…
ခွေးဟောင်လို့ တောင်ပို့မရွေ့ပါဘူး
ရာသီအလီလီ ဖိနှိပ်နင်းချေမှုတွေကြောင့် ငါတို့ဟာ
တောင်ပို့ထက်တောင် မာကြောနာကျည်းခဲ့ရပါပြီ
မေတ္တာရှိတဲ့အခါ သစ္စာရှိရမယ်
ကျောင်းသားရှိတဲ့အခါ သမဂ္ဂရှိရမယ်
အလုပ်သမားရှိတဲ့အခါ အလုပ်သမားအခွင့်အရေးရှိရမယ်
ကျောင်းသားရှိတဲ့အခါ ကျောင်းသားအခွင့်အရေးရှိရမယ်…
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ