ဒဏ်ရာတွေ မိုးစက်များလိုရွာချ
ငါ…လွှတ်အော်ပစ်လိုက်တယ်
ဒီမှာ……
နီဆွေးစွန်းထင်းသော အတွေးများနှင့်
တို့ တွေကန္တာရအထပ်ထပ် ဆူးအခက်ခက်
ခြားခဲ့ကြပြီ…
အဝေးဆုံးဆိုပေမယ့် စိတ်ထဲမှာ
အနီးစပ်ဆုံး ရှိနေပေးမယ်
ကြည့်ကြပါဦး…ကဗျာစာရွက်တွေ
ချိုမြမြအပြုံးတွေ…ပြီးတော့
မွန်ယဉ်တဲ့ဆူးတစ်ချောင်း…နှုတ်မရတဲ့စိတ်ဒဏ်ရာနဲ့ 
ငါ…ယဉ်ယဉ်လေးပဲ တိတ်ဆိတ်လိုက်တော့မယ်…
ကမ္ဘာတွေကပ်လျက်နဲ့ 
နက္ခတ်ခြင်းခြားနားသွားကြ
အိပ်မက်တွေနီးလျက်နဲ့ 
အဆုံးသတ်တွေဝေးကွာသွားကြ
ပြီးဆုံးသွားပါပြီ…
ခု…ရင်ဘတ်ထဲကကြေးစည်တို့ 
တဒေါင်ဒေါင်ထုနှက် အိပ်မက်တို့ ကို
အမျှဝေလိုက်ပြီ…
စိတ်တွေဆောက်တည်ရာမရ…
ဖရိုဖရဲယိမ်းထိုးတဲ့ ကြေကွဲခြင်းများ
အချစ်တတ်ဆုံးလူငယ်ထံမညှာမတာဝင်ရောက်လာခဲ့
သေနေ့ မစေ့သေးတဲ့မနက်ဖြန်များ ကြိုတင်သေနှင့်ကြပြီ
ငိုသာချလိုက်ပါတော့…
ပြာနှမ်းသောကောင်းကင်တို့ အရောင်ပြောင်းချိန်
လိပ်စာမတပ်ထားသောစာတစ်အိတ်သူဖတ်ပြီးချိန်
အရာရာဟာကရားရေလွှတ် ပြီးဆုံးသွားခဲ့ပြီ
ငိုသာချလိုက်ပါတော့…
ဆို့ နင့်နေရပေမယ့် မပျော်ချင်တော့ဘူး
ငိုရှိုက်နေရပေမယ့် မရယ်ချင်တော့ဘူး
သွားကြကွယ်…သွားကြ
ကြယ်လေးတွေကြွေချိန်…ဆုတောင်းတွေပြယ်ချိန်
မျက်ရည်များနဲ့ ငါ လင်းနေပါဦးမယ်
ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ