Sunday, December 25, 2011

ဇာတ်ကြောင်းပြန်-ကိုသျှား

ဆံပင်ရှည်တွေနဲ့
နားကပ်တစ်ဖက်နဲ့
ကိုယ့်ယုံကြည်ချက်ကို ဘယ်သူမှ အကျူးကျော်မခံနိုင်တဲ့စိတ်နဲ့
မတန်ရင် ဘာမှ မယူဘူး

ဆုပ်ကိုင်ထားစရာလက်ဖ၀ါးနုနုလေးတစ်စုံနဲ့
ငေးကြည့်ယစ်မူးခဲ့ရတဲ့ပန်းနုပြေပြေနှုတ်ခမ်းလေးနဲ့
လောကဓံရဲ့အနက်အဓိပ္ပာယ်ဟာ ငါ့ကို မစွန်းထင်းနိုင်ခဲ့ဘူး

လဘက်ရည်ဆိုင်ထိုင်မယ်လွတ်လွတ်လပ်လပ်
နှုတ်ခမ်းကို အတောင်ပံတပ်ပြီးရယ်မယ်ပေါ့ပေါ့ပါးပါး
ကုန်ဈေးနှုန်းကို ကုန်ဈေးနှုန်းအတိုင်းထား
ကိန်းဂဏန်းတွေအကြောင်း မစဉ်းစားဘူး

မရောင်းဘူး
ငါ့အသည်းနှလုံးကို မရောင်းဘူး
ငါ့အနုပညာကို မရောင်းဘူး
ထောက်ထားညှာတာမှုကြောင့်
ကျေးဇူးတရားကြောင့်
ငွေရေးကြေးရေးကြောင့်
ငါ့ကိုယ်ငါ ချမရောင်းနိုင်ဘူး

ငါ့အတ္တအတိုင်း ငါ့ဘ၀ အရိုင်းဆန်ဆန် လွင့်ခဲ့
ငါ့မာနအတိုင်း ငါ့ရှင်သန်မှု ခေတ်ကို ဆန်တက်ခဲ့

ငါ့ရင်ငါ ခပ်ကြမ်းကြမ်း ကုတ်ခြစ်
ရဲခနဲပန်းထွက်လာတဲ့သွေးဟာ အနီစစ်တယ်
ဒီမှာ!!!
ငါ့လက်နဲ့ရေးခြစ်လိုက်တဲ့ကဗျာတိုင်းဟာ ရွှေဖြစ်တယ်

အဲဒီလို
ပြန်လည်မ၀င်စားနိုင်တော့တဲ့
ငယ်ဘ၀ရဲ့လိပ်ပြာလှလှသိက္ခာတွေ
                                               ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်