Thursday, February 9, 2012

တစ်ကိုယ်တော်…ည-ရွှေကြယ်မိုး

လေရိုင်းတွေ စိတ်ထင်တိုင်း
ကြမ်းကြတဲ့ည…
ကျွန်တော့်ရဲ့လမင်းကို ခန့်ခန့်ညားညားနဲ့
ကစဥ့်ကလျားလွမ်းလိုက်မိတယ်…
သိပ်မထူးခြားတော့တဲ့ဖြစ်ရပ်တစ်ခုရဲ့
နောက်ဆက်တွဲအနေနဲ့ပေါ့…

သူမ…
ခမ်းနားစွာ အိပ်စက်နေပါလိမ့်မယ်
(ဒါမှမဟုတ်…)
သူမ…
တိတ်တဆိတ်ငိုကြွေး နေပါလိမ့်မယ်
ကျွန်တော့်ရဲ့ ဟိုးအဝေးကြီးမှာပေါ့…

သူမဟာ ကျွန်တော့်ရဲ့ငိုသံတွေကို
ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိသလို
ကျွန်တော်ဟာ သူမရဲ့ငိုသံတွေကို
ဖေးမနှစ်သိမ့်ပေးပိုင်ခွင့်မရှိတော့ဘူး…
ဒီလိုပဲဝေးနေခဲ့ကြတာပါ…
ရာသီစက်ဝန်းတွေမှာ သမုဒ္ဒရာတွေ
ခြားနားသွားကြကတည်းကပေါ့…
လောကရဲ့ငရဲဆိုတာ
သူမ မရှိတော့တဲ့အခါ ပိုပြည့်စုံသွားတယ်
အထီးကျန်ခြင်းမှာ အငွေ့သက်သက်တမ်းတရုံနဲ့
ငိုကြွေးခြင်းက အနောက်ကကပ်ပါတယ်…
ရှေ့ခြေအလှမ်းမှာ တစ်ချိန်ကသူမရဲ့အမူအယာတွေ
မြူလိုတိမ်လို ရစ်ဆိုင်းနေတယ်…

သူမ…
လွမ်းနေမလား…
တစ်ခါတစ်လေမှာပဲဖြစ်ဖြစ်ပေါ့
ကျွန်တော့်ကို သတိတရ ရှိနေစေချင်တယ်
ခုလိုညမျိုးမှာ ငိုနေရတယ်ဆိုရင်တော့ …

သောကတွေ အရမ်းများနေတယ်
အချစ်ရယ်…
ဘ၀ရဲ့ရယ်သံတွေလည်း မင်းအရိပ်တွေနဲ့အတူ
ပျောက်ရှသွားတာ ကြာခဲ့ပေါ့…

ရိုးရိုးလေးပါပဲ…
မဆန်းပြားခဲ့ကြတာတောင်
တခမ်းတနား လွမ်းခဲ့ကြရတယ်
ရိုးရိုးလေးပါပဲ…
ရိုးရိုးလေးပါပဲ…
လေတိုက်တိုင်းသတိတွေရနေတာကလွဲလို့
ဝေးခဲ့ကြရတယ် အချစ်ရယ်…
တခမ်းတနား ဝေးခဲ့ကြရတယ်…
                             ရွှေကြယ်မိုး
                (၂၀၁၂.၂လ.၈ ရက်.၈နာရီ ၄မိနစ်)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်