မိုးတွေရွာပေါ့
အဲသလို
မိုးတွေရွာတုန်းတစ်နေ့မှာ
ဖော်ဝေးဟာ
ထွက်ခွါသွားပါတယ်။
အဲသလို
မိုးရွာတုန်းမှာပဲ
ကိုလေးအောင်လည်း
ထွက်ခွါသွားခဲ့ပါတယ်။
ခုတစ်ခါ
မောင်ချောနွယ်
သူငယ်ချင်း
မောင်ချောနွယ်
နှစ်ပေါင်း
သုံးဆယ်ကျော်
ငါတို့
ချီတက် ခဲ့ကြရာမှ
မင်းထွက်ခွါသွားပေါ့။
သူဟာ သူ့ကိုယ်သူ
ရုပ်ရှင်မင်းသား
ဖြစ်မယ်လို့
တကယ်ထင်ခဲ့တယ်။
အဲ့တာကြောင့်
ငါတို့ရယ်ခဲ့ရတယ်
သူဟာ အများသိ
ကဗျာဆရာပေါ့
ဒါပေမယ့်
အဲဒီထက်မက
သူ ဖြစ်ချင်ခဲ့လို့
ကဗျာတွေ
အများကြီးရေးခဲ့တယ်။
ငါတို့
ကဗျာတွေ အများကြီး
ဖတ်ခဲ့ရတယ်။
အဲသလို
ရယ်စေ
ကဗျာတွေ
ဖတ်ရစေတဲ့……
……အဲ့ဒီ့နေရာမှာ
ငါ့ကဗျာဟာ
ရပ်သွားတယ်
ငါ ဘာဆက်ရေးရမလဲ
ဟို ရှေးရှေးတုန်းက
စာဆိုတော်ကြီးတွေလို
ငါ့ ကလောင်ကို
ခဏချ
ငေးတိငေးရာ
ငေးရတယ်။
သြော်…မောင်ချောနွယ်
သူဟာ အဆင်မပြေခဲ့ပါ
မတည်ငြိမ်မှုထဲမှာ
ဆောက်တည်ရာ
မရခဲ့ပါဘူး
ဖန်ခွက်တစ်ခွက်နဲ့
အရက်တစ်ခွက်
တစ်ခွက်နဲ့
သွေးတစ်စက်
တစ်စက်နဲ့
ဘ၀ တဆတ်ဆတ်
ကတုန်ကရင်နဲ့
တစ်ကိုယ်လုံး
ထိုးအပ်လိုက်ရမှုနဲ့
နောက်ဆုံးတော့
ပါးလျားသေးသေးလေး
သေးသေးလေး
အစက်လေးတစ်စက်
အစက်တစ်စက်
အဲ့ဒီ့
အစက်လေးတစ်စက်အထိ
ကဗျာတွေ
ရေးထွက်ခဲ့သေးတယ်
သြော်
… သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။
‘သူငယ်ချင်းသေရင်
ကိုယ်ငိုမှာပါ’ဆိုတဲ့
သူငယ်ချင်း
မင်းသေတော့
ငါ ငိုမထွက်ခဲ့ပါ
ငိုမယ်ဆို
ငိုစရာတွေ မဆန့်မပြဲပဲ
ငါတို့ဘ၀မှာ
ငါတို့ရဲ့
ပက်ပက်စက်စက်ဘ၀တွေမှာ။
အိမ်မှာ
ပန်းချီကားတစ်ချပ်
တိမ်ပြာထဲ
ခေါင်းအုံးတစ်လုံး
အဲဒီမှာ
ခေါင်းအုံးကာ
မင်း အပူပင်းကင်းစွာ
အိပ်စက်ရပါစေသား။
ရယ်စရာပါ
သူငယ်ချင်း
ငိုစရာလည်း
ပါပါလိမ့်မယ်
လူငယ်လေးတစ်ယောက်
မူးတိုင်းရွတ်ပြတယ်
“မင်းတို့ပြောတော့
ဆရာကြီး သခင်ကိုယ်တော်မှိုင်း
ကွယ်လွန်ပြီဆို
ခု…ဘယ်မှာ
ရှိတော့လို့တုန်း”တဲ့
ပြက်လုံးပါ။
ဟုတ်ပါတယ်
မောင်ချောနွယ်
မရှိတော့ပါ။
သြော်…သူငယ်ချင်း
ခုလည်း
မိုးတွေမည်းလို့
မိုးတွေရွာပေါ့။
အောင်ချိမ့်
(ရနံ့သစ်၊
စက်တင်ဘာ၊ ၂၀၀၃)
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ