နှလုံးသားတစ်ခုလုံး ကွဲကြေသွားတဲ့အခါ
ဘယ်ဟာကအပူလောင်ဆုံးလဲ
ဘယ်အရာကသောကအရောက်စေဆုံးရယ်လို့
မတွေးတော့ပါဘူး..
ကံကြမ္မာနဲ့ နင်ရဲ့
ထားရာနေစေရာသွားဘ၀။
တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ်ပဲ
အကြိမ်ကြိမ်တောက်,ခတ်မိတယ်
လူအဖြစ် ပညာတွေသင်ပြီးမှ
အကြည့်တစ်ခု အပြုံးတစ်ချက်နဲ့
မရှုမလှ ရှုံးခဲ့ရတယ်လို့ကွယ်။
အခုချိန်မှာ
ဘယ်သူဘယ်သူ့ရယ်ကြောင့်
ကံကြမ္မာကြောင့်.......
ရှုပ်ထွေးပွေလီတဲ့ နင့်အကျင့်တွေကြောင့်ရယ်လို့
လက်ညှိုးထိုးပစ်တော့ရော
ငါ ခံစားရတာတွေက ကြေပျက်သွားမတဲ့လား
ဘ၀ကို အပေါ်ယံခပ်ပါးပါးပဲ
နေစရာခြေသလုံးအိမ်တိုင်နဲ့
ဘ၀မှာဘာမှမဖြစ်ချင်ခဲ့လည်း
နင်နဲ့တွေ့ချိန်မှာ
မျှော်လင့်ချက်တွေထဲ ဖိတ်ကျတယ်။
ငါ့ရဲ့လူဖြစ်တည်မှုတန်ဖိုးက
နင်နဲ့တွေ့တော့မှပဲ သပ်သပ်ရပ်ရပ်ဖြစ်လာခဲ့တာ
ဘ၀မှာလည်း တစ်ခါတလေ
အဲလိုလေးတော့ နေပျော်ဖို့လိုသား
အိပ်မက်တွေမှပြီးအောင်မမက်ရသေးဘူး
(ငါ့ကိုယ်ငါသစ္စာဖောက်ပြီး )ချစ်ခဲ့တဲ့နင်က
ငါ့အပေါ် သစ္စာရှိသေးလားဆိုတာ
ငါကိုယ်တိုင်တောင်မှ ရဲရဲမပြောဝံ့ဘူး
တိုးတိုးတိတ်တိတ် ငါကြေကွဲရပါတယ်
နှလုံးသားတစ်ခုလုံးလည်း ကွဲကြေရပါတယ်
ယုံကြည်မှုတွေ ကြေပျက်သွားတဲ့အခါမျိုးမှာ
တချို့တချို့ လူတွေ ဘယ်လိုရပ်တည်ရသလဲဆိုတာ
ငါ သိချင်လိုက်တာ..
ငါ့မှာတော့
သပ်နဲ့ရိုက်သွင်းခံနေရသလို
ငါ့ကိုယ်ထဲက ဒဏ်ရာတွေကနှုတ်မရနဲ့
စိတ်ထဲကိုလည်း အနာတရတွေ ရိုက်သွင်းခံလိုက်ရနဲ့
စိတ်နဲ့ကိုယ်လည်း အရူးတစ်ပိုင်းသာသာ။
ပြုံး ပြုံးနေရတာတောင်
ဌာန်ကရိုဏ်းမကျချင်တော့ဘူး
ရင်ဘတ်ထဲက အနာမျိုးက
ဘယ်လိုဆေမျိုးနဲ့မှမတိုးတော့ဘူးဆိုတာ
ငါ မပြောပြချင်တော့ပါဘူး
ရှိပါစေလေ...
ငါကိုယ်တိုင် မရေးခဲ့တဲ့ ဒီဇာတ်လမ်းမှာ
(စကတည်းက ငါကရှုံးပြီးသားပါ)
ယုံကြည်ချက်တွေကို(တခမ်းတနား)
လက်ခံရရှိခဲ့ပြီးမှ
ပြန်ရုတ်သိမ်းခံရတာ
ဓါးပါးပါးနဲ့ အစိတ်စိတ်အမွှာမွှာလုပ်ပစ်လိုက်သလိုမျိုး
ငါလည်း လူပဲကွယ်
မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တော့
မလိုဘူးဆိုရင်တောင် နည်းနည်းလိုတယ်
ဝါဆို.......!
ငါ့ဘ၀မှာ နင်နဲ့ပတ်သက်လို့
အကြိမ်ကြိမ် မျက်ရည်ကျခဲ့ရတယ်
အခါခါ လဲကျခဲ့ရတယ်
လူ့ဘ၀ဆိုတာကို နာရီမိနစ်ခြားသလောက်မျိုးလည်း
တန်ဖိုးသတ်မှတ်ခဲ့ဖူးတယ်။
ဒါတွေကိုချည်း ထပ်တလဲလဲပြောရတာ
ငါလည်း ငြီးငွေ့လာပြီ
(နင်မပြောနဲ့)
ရေးနေကျငါ့စာအုပ်လေးတောင်
ငါ့ကို ငြိုငြင်ချင်လာပြီ.....
ငါထင်ခဲ့တာပေါ့
ငါနဲ့တွေ့မှ နင်ကပြောင်းလဲခဲ့တယ်ပေါ့
တကယ်တမ်းမှာ
နင်ကပြောင်းလဲနေဆဲ
ပြောင်းလဲနေမြဲ ဆိုတာ..
လက်မခံနိုင်ပေမဲ့ အမှန်တရားတစ်ခုဖြစ်ခဲ့ပြီ။
ငါတစ်ယောက်တည်းနဲ့
ငါ့အချစ်တစ်ခုတည်းနဲ့
နင့်ကိုမပျော်ရွှင်နိုင်စေဘူးဆိုတာကို
အသိခေါက်ခက်နိုင်ခဲ့တာကိုတော့
နင် နားလည်ပေးပါ
ငါဆိုတဲ့ အမိုက်အမဲကိုလည်း
ခွင့်..လွှတ်..ပေး...ပါ
ငါ့ဘ၀ကိုလည်း နင်နားလည်ပါ
အရင့်အရင်တွေနဲ့လက်ရှိတွေကြားမှာ
ငါဘယ်နေရာမှာနေရမလဲဆိုတာ
နင် နားလည်ပေးပါ
(မောနွေကပြောခဲ့သလိုမျိုး)
ငါ့နေရာကို နင်သတ်မှတ်ပေးပါ
အခုတလော ငါဘာမှမလုပ်ဘူး
ဘာမှလည်းမတွေးချင်ဘူး
ဘယ်သူရေးမှန်းမသိတဲ့ ပျို့ကဗျာတစ်ပိုဒ်ကိုပဲ
အထပ်ထပ် ရွတ်နေမိတယ်
`သဲလုံးမျှသား လောက်ထွဋ်ဆင့် ငါးမာန်ဝင့်လို့
ပွင့်ကြလှိုင်ကြူ။
အဆူဆူတွင် ဆုယူဆုတောင်း၊ညောင်ရေလောင်း
တောင်းဆုအဆူ၊ငါနှင့်သူသည် အလှုမပြုခဲ့လေသလော´။
ငါတို့ဘ၀တွေ
ဒီလောက်ပဲ ရေစက်ပါခဲ့တယ်
ထင်ပါရဲ့ကွယ်...။
ခင်ငြိမ်းချမ်း
5th Aug 2011
11:26PM
ဤဆိုက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာပေသဟာယအသင်းကြီးအတွက် ပင်မကဗျာ ရေစီးတစ်ခုဖြစ်စေရန် စုစည်းပေးသော နေရာ တစ်ခုဖြစ်သည်။ ကျောင်းသားကျောင်းသူများနှင့် ၀င်ရောက်အားပေးသူ ကဗျာချစ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments (Atom)
ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်
၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ