Sunday, November 27, 2011

မထီတရီခြေလှမ်းများ-တိုးဝေ

ဒါကတော့ပြောလို့မရဘူး
မြက်ရိုင်းတွေကို ခုတ်ရှင်းမယ်
မြက်ယဉ်တွေကို မွေးမြူမယ်
ဒါကတော့ ပြောလို့မရဘူး
သစ်လှဲရာ မြက်ပြတ်လည်းရှိမယ်
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံလဲရှိမယ်
ဒါကတော့ ပြောလို့မရဘူး….

ရင်အဟောင်းထဲ
ခံစားမှုအသစ်တွေထည့်ကြည့်တယ်
ချက်ချင်း အစာအဆိပ်သင့်တော့တာပဲ
ရောဘတ်လင်းလို..
တကျွီကျွီမြည်တဲ့
တံခါးအိုလေးကိုသာ စွဲလမ်း
ဒါပေမယ့် ဂျေရုစလင်မြို့သစ်ကိုတော့
နှစ်သက်လက်ခံပြီးသား
မထုံတက်တေးနဲ့
ရောက်တဲ့နေရာမှာ
ထိုင်ကျန်ရစ်ခဲ့ဖို့တော့
တကယ်စိတ်မကူးပါဘူး.. ခင်ဗျားလိုပဲပေါ့။

ဒါကတော့ ပြောလို့မရဘူးတဲ့လေ
ဘာမှလာရှင်းပြမနေနဲ့
အတောင်ကျိုးသူရော မြှားမှန်သူပါ
အဲဒီတည့်တည့်ကို ပျံနေကြတာပဲ
ဒီမှာ-လောကဓံရဲ့
ကန်ချက်တွေ လန်ထွက်ပစေဦး
သူသူငါငါ
အံဝှက်တွေ ကိုယ်စီရှိကြလေရဲ့။ ။
တိုးဝေ ( ဧပရယ် ၂၀၁၀ ပေဖူးလွှာ )

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်