ပင်စည်မရှိတဲ့ ကြယ်တွေတောင် ကြွေကြွေကျနေမှတော့
သူလည်းပဲ ဖွေးဖွေးဖျဖျ ကြွေတော့တာပေါ့။
ကျောက်စွယ် ကျောက်သား တောင်ကမ်းပါးယံတို့က
ရင်အကွဲခံပြီး လမ်းကြောင်းဖွင့်ပေးလို့
စမ်းချောင်းလေးစီးနိုင်တာကို ၀ဋ်ကြွေးလို့ မမှတ်သလိုမျိုး
ကျစ်ဆံမြီးလေးကျစ်ပြီး ကျောဘက်ချချထားလေတော့
သူ့အလှသူ မြင်ခွင့်မရပေမယ့် ကျေနပ်နေသလိုမျိုးပေါ့။
သူ့ဝိဉာဉ်အကြွေတွေကို တစ်ရာသီလုံးမှာမှ တစ်ယောက်
အသေအချာကောက်ယူ၊ ပင့်သက်တစ်ရှူစာလောက် နမ်းရှိုက်ခဲ့ရင်ပဲ
ကျေနပ်တယ်။
နှစ်စက္ကန့်အနမ်းရဲ့ ဟိုး …. အတွင်းဖက်ကျကျမှာ
သူ့အပေါ်ချစ်တဲ့စိတ် တိတ်တိတ်လေး မြင်လိုက်ရပြီးနောက်
တစ်ဘ၀လုံး အနင်းခံ၊ ပင်မြင့်မှာ မစံရပေမယ့်
သူ … ကျေနပ်တယ်။ ကျေနပ်ပါတယ်။
ကိုကြည်နိုင်
8th. Jan. 2012
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ