Monday, January 9, 2012

ဟုတ်တယ်ဖြူဖြူ-ငါငိုနေတာပေါ့-ရွှေကြယ်မိုး

သေသေသပ်သပ်ကို
သပ်နဲ့ရိုက်၊ တံစို့နဲ့ထိုးပြီး
ငါ့စိတ်တံခါးကို ငါပိတ်ထားလိုက်တယ်ဖြူဖြူ

နင်မရှိတော့တဲ့နောက်ပိုင်း
နင်ရှိနေသလိုမျိုး အဖြစ်အပျက်တွေ
ပြန်လည်တိုက်ဆိုင် ဖြစ်ပျက်လာတဲ့အခါ
“ငါ…အရမ်းကို အမှတ်ရနေတယ် …ဖြူဖြူ”လို့
တိတ်တိတ်လေးနဲ့…နင့်နင့်ရှရှ ရေရွတ်နေမိတယ်…

တမ်းတမိတာပေါ့ဟာ….
အခေါက်ခေါက်အခါအခါ ရေးခြစ်ပစ်ခဲ့တဲ့
ဦးနှောက်ပေါ်မှာ နင်ဟာအထင်ရှားဆုံးပေါ့…
တမ်းတခြင်းဆိုတာ ဘာဟုတ်သေးလဲ…
ဆန်းပျတဲ့ အသက်ရှုခြင်းကသာ
လှမ်းလှတဲ့ အကွာအဝေးကို တစမ်းစမ်းနဲ့
ထထကြည့်စေခဲ့တာပေါ့…

ကံကြမ္မာက မရက်စက်ခဲ့ပါဘူး ဖြူဖြူ…..
ရက်စက်ခြင်းတွေကသာ ငါတို့ကို ကံကြမ္မာခေါင်းစဉ်တပ်ပြီး
နင်နဲ့ငါ့ကို သေကွဲကွဲစေခဲ့ကြတာ ဖြစ်မယ်…(ငါထင်တယ်)
နင်နဲ့ငါအပြီးသတ်ဝေးကြရတဲ့နောက်တော့ နင့်အစား
ငါပွေ့ဖက်ခဲ့ရတဲ့ အရာဟာ အုတ်ဂူပြာတစ်လုံးသာ ဖြစ်တော့တယ်…


ငါ့အရှေ့မှာမိန်းကလေးတစ်ယောက်ယောက်က
သူရဲ့ဆံပင်တွေကို ခါယမ်းပစ်လိုက်တဲ့အခါမျိုးမှာဆို
နင့်ကို သွားသွားသတိရနေမိတယ်…ဖြူဖြူ…
ညညအိပ်လို့ပျော်နေတုန်းမှာ စူးစူးရှရှအော်ဟစ်ခေါ်တတ်တဲ့
နင့်အသံလေးတွေ…..နင် နှစ်နှစ်ခြိုက်ခြိုက်ကိုရယ်မောခဲ့တဲ့ နင့်အသံလေးတွေ
ငါ့…နိုးကြားမှုအာရုံတွေမှာ လာလာပေါ်တဲ့အခါ……………………..
……………………………………………………………………………….
ငါ..နိုးမထချင်တော့လောက်အောင် ခြောက်ခြားမှုတွေနဲ့
ငါ..နိုးထလာရတယ်…ဒီအချိန်ဆိုနင် အရမ်းချမ်းနေမလား..ဖြူဖြူ

အရာအားလုံးဟာ လုံးဝပြန်ဆုံနိုင်ခွင့်မရှိတော့မှန်းသိလိုက်ရတဲ့အခါ..
နင်..နောက်တစ်ကြိမ်လောက်တောင် ငါ့ကိုပြုံးမပြနိုင်တော့ဘူးဆိုတာ..
သိလိုက်တဲ့အခါ…နင့်ဓါတ်ပုံကို ထုတ်ထုတ်ကြည့်ပြီး နောက်ဆုံးအချိန်တွေ့ခဲ့ကြတုန်းက
ပြောခဲ့ကြတဲ့ စကားလေးတွေ…ငါတစ်ယောက်တည်း ပြန်ပြန်ရေရွတ်နေမိတယ်..ဖြူဖြူ
ဘာမဆိုပျော့ညံ့ချင်တဲ့ငါ့ကို …နင်ကတော့ ‘အရူး’လို့ပြောနေမိလိမ့်မယ်…

ရူးမိတာပေါ့ဟာ…
အကြိမ်ကြိမ်အခါအခါ စီးဆင်းခဲ့တဲ့
ပါးပြင်ပေါ်ကရေစီးကြောင်းမှာ နင်ဟာအစီးဆင်းဆုံးပေါ့
ငိုကြွေးခြင်းဆိုတာဘာဟုတ်သေးလဲ…
ပိုဝေးသွားကြခြင်းဆိုတဲ့အတွေးကသာ ပြိုလဲသွားနိုင်အောင်
ဆွဲဆောင်ခဲ့တာပေါ့…ဖြူဖြူရယ်…
                                    ရွှေကြယ်မိုး
                                   4:56AM(12/30/11)
                               shwekyalmoe@gmail.com

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်