အနုပညာ နွေးဦးပေါက်ရာသီကို မညာချင်ဘူး ။
လှိုင်းပုတ်ခတ်ခံ ကျေက်ဆောင်ကို မညာချင်ဘူး ။
အဆုတ်ရဲ့အလုပ် ကို မညာချင်ဘူး ။
သစ်သီးတစ်လုံးသီးတိုင်း သင်တို့အတွက်ဖြစ်တယ် ။
ပန်းတစ်ပွင့်ပွင့်တိုင်း သင်တို့အတွက်ဖြစ်တယ် ။
အချစ်ရေ ...
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျမ်းမာရေးအတွက်
လက်ဖက်ရည် တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆဟာရ ကို
အာဟာရလို့ ထင်တယ် ။
အဲသည်လိုနဲ့
မပျော်ရွှင်တဲ့ ကော်ဖီတစ်ခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီ ။
အဲသည်လိုနဲ့
အချစ်ရေးအဆင်မပြေတဲ့
အခန်းထဲက ကြေးမီးချစ်ကြီး အတွက်လည်း
သစ်သီးအချိုတွေ ယူဆောင်ခဲ့ပြီ ။
အဲသည်လိုနဲ့
ရူးသွပ်နေတဲ့ နွေဦးလေအတွက်လည်း
အိမ်မက်လှလှတစ်စုံ
လုံခြုံစွာ ပေးပို့လိုက်ပြီ ။
အဲသည်လိုနဲ့
ခရီးထွက်သွားတဲ့
စီးကရက်များနဲ့လည်း
စာအမြန် ဆက်သွယ်ခဲ့ပြီ ။
အဲ့သည်လိုနဲ့
လေကခြွေချသွားတဲ့
မသေချာမှုတွေအတွက်
သီချင်းလက်ဆောင်ပို့ပေးခဲ့ပြီ ။
အဲသည်လိုနဲ့
နှင်မရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တစ်ခု ပေးခဲ့ပြီ ။
အဲသည်လိုနဲ့
ဘ၀အတွက်
ဇလဗေဒ အချက်အလက်တွေလည်း
ဆက်လက်စုဆောင်းခဲ့ပြီ ။
မေမေရေ ...
မြစ်တွေကို ကျွန်တော် စီးခဲ့ပေါ့ ၊
အသက်အပိုင်းအခြားတွေလည်း
နက်ရှိုင်းသွားခဲ့ပြီ ။
အပူအအေး လေမိုး
အခိုးအငွေ့ အရွေ့
အတွေ့အကြုံ အမှုန်အမွှား
အားလုံးကို စားသုံးခဲ့ဖူး ၊
ရူးသွပ်စွာ ခူးဆွတ်ခဲဖူး ၊
နူးညံ့စွာလည်း စွန့်လွှတ်ခဲ့ဖူးပြီ ။
ရန်အထွေထွေကြောင့်
ဌာန် ကြွေခဲ့ပြီ
ရန်အပေါင်းကြောင့်
ဥာဏ်ပိုကောင်းခဲ့ပြီ ။
ဘေးဥပါဒ် အထွေထွေကြောင့်
အသက်ဓာတ်လည်း
ပိုမိုလတ်ဆတ်ခဲ့ပြီ ။
လူဆိုတာ လူဓာတ်လိုအပ်တာပဲ ...
အရှုံးအမြတ်
အမုန်နဲ့ မေတ္တာဓာတ်
အဖိုဓာတ်၊ အမဓာတ်
လူတွေမှာ
ပင်ကိုယ်အရပင် လိုအပ်ခဲ့တာ မဟုတ်လား ။
ကျောကဒဏ်ရာကို
လောကတံထွာလို့ စွဲမှတ်
စာတစ်အုပ်လို
အသာထုတ်ဖတ်သွားရုံပါပဲလေ ။
အဲသည်လိုနဲ့
ရေချိုးချင်တဲ့ မိုးဥတုအတွက်
ရုင်ရှင်လက်မှတ်တစ်ဆောင် ပေးခဲပြီ ။
အဲသည်လိုနဲ့
ကော်ဖီမသောက်တတ်တဲ့
ကြောက်ရွံမှုများအတွက်လည်း
ဘရန်ဒီ တစ်ခွက် ၀ယ်ခဲ့ပြီ ။
အဲသည်လိုနဲ့
ချစ်သူရဲ့အနမ်းတွေဖို့
လမ်းဖောက်ပေးခဲ့ပြီ ။
အဲသည်လိုနဲ့
ဒဏ်ရာရခဲ့တဲ့
ကန္တာရ နှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ ။
အဲ့သည်လိုနဲ့ 
အမှန်တရားကိုလည်း
ထမင်းစား ဖိတ်ခဲ့ပြီ ။
အဲသည်လိုနဲ့
နေကြာပွင့်တွေကိုလည်း
နေသာခွင့် ပေးလိုက်ပြီ ။
အဲ့သည်လိုနဲ့
အဆိပ်နဲ့ မိတ်ဖွဲ့ခဲ့တဲ့
အိမ်မက်တွေကိုလည်း
ဘိလပ်ရည် တိုက်ခဲ့ပြီ ။
အဲသည်လိုနဲ့
လူ့နယ်ပယ်ရဲ့
အနည်အနှစ်များအတွက် အတွက်လည်း
အထည်အသစ်အဆန်းတွေ
လက်ကမ်းခဲ့ပြီ ။
အဲသည်လိုနဲ့
လွတ်လပ်ရေးကဗျာအတွက်
မြေကွက်တစ်ကွက် ထွန်ယက်ပြီးခဲ့ပြီ ။
ရန်သူမဲ့ဘ၀မှာလည်း
ငါ ကျွန်တော် မပျော်တတ်တော့ပါ ၊
ချစ်သူမဲ့ ဘ၀မှာလည်း
ငါ ကျွန်တော် မနေတတ်တော့ပါ ၊
ပိုလျှံသော ရေ ...
ပရိုတိန်းအစအန အလေအလွင့်
စံလွန်ဖိအား အဆင့်ဆင့်ဖြင့်
ငါ့ အသက်ရှုပွင့်များ
ကောင်းမွန် ခိုင်မာစွာပင်
ရင်မောခဲ့ပြီ ။
အဲသည်လိုနဲ့
လူ့ဘ၀ကို ယုဇနပင်လေးမှာ အသာချိတ်
ဒူးယားတစ်လိပ်နဲ့ လည်း
အိပ်ပျော်တတ်ခဲ့ပြီ ။
အဲသည်လိုနဲ့
ဘ၀ရဲ့ဝန်ဆောင်အား
လောကကြီးကို
ဥယျာဉ်အသွင် တင်ဆောင်သွားနိုင်ပြီ ။
အဲသည်လိုနဲ့
အလိုမပြည့်မှုကို
ငါ အလိုရှိခဲ့ပြီ ။
အဲသည်လိုနဲ့
နာကျင်မှုတွေလည်း အရသာဖြစ်ခဲ့ပေါ့ ။
အချစ်ရေ ...
ကန်ရေကို ငုံ့ ကိုင်းနေတဲ့
ကံ့ ကော်ကိုင်းတစ်ကိုင်းလို နေတတ်ခဲ့ပြီ ။
အဲ့သည်လိုနဲ့
ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက်လို
အသက်ရှင်တတ်ခဲ့ပြီ ။
အဲသည်လိုနဲ့ 
ဘ၀ရဲ့ ဒဏ်ခံအား
ဂုဏ်သတ္တိတွေမြင့်မားခဲ့ပြီ ။
အဲသည်လိုနဲ့
စံပယ်တစ်ပွင့်လို
တကယ်ပွင့်မယ်ဆိုရင်
တင့်တယ်စွာ ပွင့်နိုင်ခဲ့ပြီ ။
အဲသည်လိုနဲ့ 
အရသာချဉ်စူးစူး
ဆူးဖက်သော်လည်း ခူးရက်စရာမမြင်တဲ့
ဆူးပင်တစ်ပင်လို
ယဉ်ကျေးစွာ ငေါ နေတတ်ခဲ့ပြီ ။
အို . . .
ငါ အိပ်ခဲ့သော အိပ်မက်တို့
ငါ ရိပ်ခဲ့သော် အရိပ်တို့ 
ငါ မျှားခဲသော် ငါးကို ငါစားခဲ့ရပြီ ။
အဲသည်လိုနဲ့
ကြုံသမျှ ဖုန်မထတော့ပါ ။
ဘ၀ကို အရသာ တစိမ့်စိမ့်ခံ
ပင်လယ်စင်ရော်တွေလို
ပျော်ရွှင်စွာ ပျံဝဲနိုင်ခဲ့ပြီ ။
အဲသည်လိုနဲ့
အသက် သုံးဆယ်တစ်ဆိုတဲ့ ခွက်တစ်ခုမှာ
လူ့နယ်ပယ်ရဲ့ ထုထည်တွေ
ကယ်လိုရီတွေ ဖြစ်ခဲ့ပြီ ။
ရေထု မြေထု လေထုနှင့် သေမှုတွေကြား
မယားနဲ့ တရား ဆားခပ်လို့စားတော့မယ် ၊
နေမှုက
ပါးလှပ်ထူထပ် လှပချည်ရဲ့
ငါ တပ်မက်ခဲ့ချေပြီ ။
အချစ်ရေ . . .
လူတွေက တူတံဆိပ် ထောပတ်ကိုလည်း
ကိုးကွယ်ကြတယ် ။
ဘ၀လမ်းခရီးဟာ
ဝမ်းမီးနဲ့ ပြီးရမှာလား ၊
ငှက်ဆိတ်တဲ့ သစ်စည်းတစ်စည်းမှာတောင်
အဓိပ္ပာယ်တွေ သိပ်သည်းခဲ့ပါတယ် ။
အဲသည်လိုနဲ့
နေညိုချိန် ` ဘား ´ ကလေးမှာ
ဘ၀ကို ခပ်ပါးပါးလှီးရင်း
ကမ္ဘာလောကကြီးကိုလည်း
အရက်နဲ့ မြည်းတတ်ခဲ့ပြီ ။
အဲသည်လိုနဲ
အချိုရှာ တမာတွေ့ သော်လည်း
`` ဂျိုကာ ´´ မပါဘဲ ဒေါင်းတတ်ခဲ့ပြီ ။
အဲသည်လိုနဲ့
အငို အရယ် ဇာတ်တွေကြား
ချို ချဉ် ငန် စပ်
အရသာဓာတ်တွေကြား
ဘ၀ကို အမြတ်တနိုးထမ်းပိုးခဲ့ပြီ ။
အဲသည်လိုနဲ့ 
`` အဲလ်ဗတ်ကမူး ´´ နဲ့ `` ခြူး ´´ ဆေးလိပ်ကိုဖွာရင်း
ဆိုးရွားတဲ့ ရာသီဥတုကိုလည်း
ကဗျာနဲ့ ပြုပြင်တတ်ခဲ့ပြီ ။
အဲသည်လိုနဲ့
အထူးထူး အပြားပြားသော ဆူးကြားမှာ
လူလားမြောက်ရန် သိခဲ့ပြီ ။
အဲသည်လိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသားနဲ့ နွေပိတောက်လို
အပျိုပေါက်လို ငြိခဲ့ပြီ ။
အဲသည်လိုနဲ့
ဟောသည် အိုဇုန်းဓာတ် အလွှာထဲမှာ
မင်းသမီး ချိုပြုံးကလည်း
ဟိုတုန်းကလိုပါပဲ
အနုပညာ စံပယ်အပြုံးတွေနဲ့
ဟောသည်
အာကာသလွင်ပြင် မိုးအခုံးကြီးကိုလေ ...
ရစ်ဖွဲ့  နှေင်ထုံးဆဲပါလား ၊
သွေးကြောထဲကို တိုင်ရိုက် ရောက်ခဲ့ပါတယ် ။
သူငယ်ချင်းရေ ....
မောင်ချောနွယ် ရေ .....
ကမ္ဘာကြီး ရေ ....
လက်ဖက်ရည် တစ်ခွက်မျှပင်
တည်ခင်း ဧည့်မခံနိုင်သော
အမှန်တရားထံ လာလည်ပါ ။ ။
မောင်ချောနွယ်
အေဒီ - ၁၉၈၈ ၊ မတ်လ ( ၁၃ ) ရက်
သီရိခေတ္တရာမြို့
နွေဦးကဗျာ မဂ္ဂဇင်းအမှတ် ( ၁ ) ၁၉၈၈ ၊ ဇွန်
ဤဆိုက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စာပေသဟာယအသင်းကြီးအတွက် ပင်မကဗျာ ရေစီးတစ်ခုဖြစ်စေရန် စုစည်းပေးသော နေရာ တစ်ခုဖြစ်သည်။ ကျောင်းသားကျောင်းသူများနှင့် ၀င်ရောက်အားပေးသူ ကဗျာချစ်သူအားလုံးကို အထူးကျေးဇူးတင်ပါသည်။
Subscribe to:
Post Comments (Atom)
ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်
၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ