တစ်ခါတစ်ခါလှည့်ပြန်လာတဲ့ ဒီဇင်ဘာကို ဝိုင်အနီတစ်ခွက်ထဲ ထည့်ငှဲ့ ရင်ခုန်ခဲ့ဖူးသလား
သိပ်မသေချာတော့ တဲ့ အိပ်မက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြုံးမိတာတွေ များနေပြီ ..
နေဆီကို တည့်တည့် လျှောက်လှမ်းနေခဲ့ပြီးကာမှ ကိုယ့်ကိုယ်ကို နေကြာပန်းမှန်းသိလိုက်ရသူလို
အဝါကို နာကျင်စွာ ခါချနေချင်တတ်ခဲ့ ………….

အကြမ်းရေးခြစ်ထားပြီး အရောင်မထည့်ဖြစ်သေးတဲ့ ပန်းချီကားချပ်တွေလိုပဲ
နေ့ရက်တွေက အရောင်မစုံဘူး .. အဖြူ အမည်း ခပ်ကျဲကျဲ ကောက်ကြောင်းတွေနဲ့
နှစ်ပရိစ္ဆေတ ကြာလာတဲ့အခါ အဖြူကလည်း ရင့်အိုဝါရော်လာခဲ့ အနက်ကလည်း အုံ့ဆိုင်း မှိုင်းအို လာခဲ့
ဘာနဲ့မှ အသစ်ပြန်စလို့ မရတော့ဘူး ….

ဒီဇင်ဘာကို စောင့်နေခဲ့ဖူးတယ် …
စိမ်းပြာရောင် တာကွိုက်စ်တွေ၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေတဲ့ နာဆစ်ဆပ်စ် တွေ ..
မဖွင့်ပဲ ပွင့်ထွက်လာတဲ့ သက္ကရာဇ် အသစ်စက်စက်တွေ .. အလိုလို ဟောင်းအိုသွားတဲ့ ဒီဇင်ဘာတွေ..
အများအတွက်စတေးပြစ်လိုက်တဲ့ နာဇရက်မြို့သား၊ ခေါင်းလောင်းတွေ တအားမြည်နေတယ် ..

အစိမ်းရောင်မြစ်တွေက တဝေါဝေါ .. အဝါရောင်မြို့တော်တွေက အလျှံတညီးညီး
အနီရောင်လက်ဆောင်ထုပ်ကြီး တစ်ထုပ် ကောင်းကင်က ပြုတ်ကျလာခဲ့တယ် …
ဘယ်တော့မှ ဖွင့်မကြည့်ဖြစ်လိုက်တဲ့အတွက် အထဲမှာ ဘာပါမှန်း ငါ မသိခဲ့တော့ဘူး
အရှေ့ စူးစူးဆီမှာတော့ ကြယ်တစ်လုံးက တဝုန်းဝုန်း တောက်လောင် လင်းမြနေခဲ့…

သိပ်မောလွန်းလို့ ခဏလောက်ဖြစ်ဖြစ် အသက်ရှူရပ်ထားလိုက်ပါရစေ …
ခေါင်းလောင်းသံတွေက ဝင်သက်ထွက်သက်နဲ့ ငြိငြိနေတယ် …
ဘယ်တော့ နှင်းကျမယ်မှန်းမသိ .. ဘယ်တော့ ပန်းပွင့်မယ်မှန်းမသိ …
ဘယ်တော့ ပင်လယ်ရေခမ်းမယ်မှန်းမသိ ဘယ်တော့မှ ငါ့ကိုမိမယ်မှန်းမသိ …

ဒီဇင်ဘာတွေကို စောင့်နေခဲ့ဖူးပြီး ဒီဇင်ဘာတွေက ငါ့ကိုပြန်စောင့်နေခဲ့ကာမှ
ငါက ဒီဇင်ဘာတွေဆီ ပြန်ရောက်ဖြစ်တော့ဘူး ……….

မနော်ဟရီ
2010 Dec, Idea Magazine
2010 Dec, Idea Magazine
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ