အရာရာသည် တိုက်ပွဲကြီးကဲ့သို့
ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံနေရပြီ…
ကူဖေးမည့်သူတို့လည်း သွေးအိုင်ထဲတွင်
နာကျင်စွာ လူးလွန့်လျက် အော်ဟစ်နေခဲ့ကြ…
ထိုခဏအတွင်းပင်
ရက်စက်လှသော ကျည်ဆံများ…
ယုတ်ရင်းကြမ်းတမ်းသော ဘက်နက်များ…
လူမဆန်သော အော်ဟစ်အမိန့်ပေးသံများက…
အင်းလျားကန်ဘောင်အား သွေးစွန်းပစ်လိုက်ပြီး
ကျောင်းသားကျောင်းသူတို့လည်း လဲပြို…
စစ်ယူနီဖောင်းဝတ်တပ်သားများလည်း နေညိုခဲ့…
လူ့အခွင့်အရေး…ဒီမိုကရေစီအရေး…အတွက်
ဒေါင်းအလံတွေထောင်…ကြယ်တွေတောင်
ခေါင်းငုံ့တုန်ခါခဲ့ရတဲ့ ညနေ…
ငါတို့ကျောင်းသားသွေးတွေကလည်း
ပွက်ပွက်မြည်အောင်ဆူနေခဲ့တယ်…
ကဗျာဆရာတစ်ယောက်က အဲ့သွေးတွေသာ ပွက်ပွက်မဆူခဲ့ရင်
ဒီနေ့ ငါတို့ ဒီမိုကရေစီရဦးမှာ မဟုတ်ဘူးလို့ အရည်လဲ့နေတဲ့
မျက်ဝန်းတွေနဲ့ ပြောပြတယ်…
အဲ့ဒီ့ညနေမှာ…
ကျောင်းသူလေးတွေကို ကန်ဘောင်ပေါ်မှာတင် မုဒိန်းကျင့်
သွေးပေနေတဲ့အလောင်းတွေကြား အစွမ်းကုန်ရက်စက်ခဲ့…
နှမချင်းတော့ မစာနာ…အာဏာထိတော့ ကမ်းကုန်အောင်
သူတို့တတွေ ရူးမိုက်ပြခဲ့ကြတယ်…
အဲ့ဒီ့ညနေမှာ…
နာကျင်စွာ ညည်းညူနေတဲ့ ကျောင်းသားတွေ…
မဒိန်းကျင့်အပြီး လူးလှိမ့်နေတဲ့ ကျောင်းသူတွေက
မသေသေးပါဘူးလို့ အော်ဟစ်နေကြတာတောင်
မြေတူးစက်နဲ့ကလော် အရှင်လတ်လတ်ကို
သူတို့တတွေ မြေမြှုပ်ပစ်ခဲ့ကြတယ်…
အဲ့ဒီ့ညနေမှာ…
ကျန်ရစ်သူ ကျောင်းသားတစ်စုဟာ ဒေါင်းအလံတွေထူရင်း
သွေးတွေကြားမှာ…အလံအပိုင်းစတွေကြားမှာ…
စုတ်ပြဲနေတဲ့အမျိုးသမီး အ၀တ်တွေကြားမှာ…
သမိုင်းဝင်ကျောက်တိုင်ကြီးတစ်ခု နောက်နေ့မကူးခင်
အပြီးတည်ထောင်နိုင်ခဲ့တယ်…
ဒါပေမယ့်
အဲ့ဒီ့ကျောက်တိုင်ကြီးရယ်…
အဲ့ဒီ့ကျောက်တိုင်နားက ကျောင်းသားတွေရယ်…
နောက်နေ့မနက်ခင်းကာလမှာပဲ စစ်လူမိုက်တသိုက်ရဲ့
မြေတူးစက်နဲ့ ထိုးကလော်သွားတာ ခံလိုက်ရပြန်တယ်…
ဘာကိုပဲ ဘယ်လိုပြောပြော…
7 ဂျူလိုင်ကတော့ သမိုင်းဝင်နေ့စွဲအဖြစ် ကျန်နေရစ်ပြီ…
ဘယ်လိုအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ်
ကျုပ်တို့ကျောင်းသားတွေရဲ့ ဒေါင်းအလံကား
မည်သို့မှလဲပြိုနိုင်ခြင်းမရှိကြောင်း
နိုင်ငံ့သမိုင်းဝင် ထိုလူမိုက်တို့ သိပါလေ…
· ရွှေ ကြယ် မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ