ကဗျာရေးဖို့ လက်တွန့်နေတဲ့ ညက
စကားလုံးတွေ ပြန့်ကျဲနေတာ သိနေရပေမယ့်
လိုက်မကောက်ဖြစ်ဘူး…။
စိတ်တွေက အဝေးကြီးကို ခရီးနှင်နေတယ်
တောထူထူတောင်ခြေက မီးခိုးအူအူရွာလေးတစ်ရွာ
အခက်အလက်တွေဖြာထွက်နေတဲ့ညောင်ပင်ရိပ်ရဲ့
ဖြန့်ကားစွင့်နေတဲ့ အမြစ်တွေပေါ်မှာ ကျန်နေရစ်တဲ့
မိန်းမတစ်ယောက်များ ရှိခဲ့လေမလား မသိတော့…
တစ်စုံတစ်ယောက်ကတော့ လက်ပြပြီးကျန်နေခဲ့တယ်
အဲ့တာကိုတော့ သေချာသိနေတယ်…
ဘယ်နေရာ…ဘယ်ဒေသကိုများ
ငါဖြတ်သန်းခဲ့မိပါသလဲ…
ဘာကိုမှရေရေရာရာ မသိပေမယ့်
တစ်ယောက်ယောက်ဟာ ငါ့ကို စောင့်နေခဲ့ပါတယ်
စောင့်နေခဲ့ပါတယ်… ငါ့အတွေးတွေဟာ
နေရာဒေသတွေကို ဖြန့်ကျက်…
အို…ဘာကိုမှ စဉ်းစားမရပါလားကွယ်
တကယ်တော့ အတွေးမျှင်းမျှင်းလေးတွေမှာ
ရေလှိုင်းတွေလို အစိတ်စိတ်ခွဲဖြာ …
ပျံသန်းနေတဲ့စိတ်ဟာ စိတ်ချည်းသက်သက်ပဲ
ပြန်လာခဲ့တယ်…ထောင့်တစ်နေရာရာမှာ
တစ်ယောက်ယောက်ရှိနေခဲ့တာ သေချာပါတယ်
ညဟာ တွန့်ကြေနေတဲ့ စီးကရက်တစ်လိပ်ဆိုပေမယ့်
အငွေ့တထောင်းထောင်းထအောင် ဖွာရှိုက်လိုက်ပါတယ်
ကောင်းကင်ကကြယ်တွေဟာ ဖိတ်စာမကမ်းရသေးပေမယ့်
ခရီးဦးကြိုပြုဖို့ အရှေ့မြောက် အရပ်ကနေ စုန်ဆင်းလာခဲ့တယ်
အလင်းမှုန်ပျပျကြားက မြို့ဟာ အနင်းခံလမ်းမတွေနဲ့
ရင်ဖွင့်ပြီး ကြိုဆိုတယ်…နောက်ဆုံးတော့ ငါလည်း
ခုခံမှုကင်းမဲ့စွာ ရှိနေတဲ့မျက်လုံးကို မှိတ်လိုက်ရော
ဆိုပါတော့ကွယ်…
တစ်ယောက်ယောက်ကများ စကားကြုံမိတဲ့အခါ
တောထူထူတောင်ခြေက မီးခိုးအူအူနဲ့ တဲစုစုရွာလေးအကြောင်း
ပြောပြစေလိုပါတယ်…
အဲ့ဒီ့အတွက် ဆုကြေးအဖြစ်
ငါ …
သူစိမ်းတရံအကြောင်း လုံးဝမပါတဲ့ ကဗျာတစ်ပုဒ်ရယ်
တီဗီစင်အောက်မှာ အလှတင်ထားတဲ့ ၀ိုင်ပုလင်းနီလေးရယ်
ပေးပါ့မယ်
တကယ်လို့
တောထူထူတောင်ခြေက မီးခိုးအူအူနဲ့ တဲစုစုရွာလေးဟာ
မြန်မာနိုင်ငံရဲ့ မီးရထားလမ်းဆုံးမြို့က ရွာကလေးဖြစ်နေမယ်
ဆိုရင်တော့…
§ ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ