Friday, June 15, 2012

ရထား-မောင်ချောနွယ်


အမြဲတမ်းနောက်ကျသူ နာရီအိုကြီးလို့
အမြဲတမ်းနောက်ကျ နာရီအိုကြီးကိုတင်ဆောင်ကာ
ရထားထွက်ခဲ့ပြီ

ကုန်းဘောင်ခေတ် ဘူတာကို
ထားခဲ့
အထီးကျန်ရဲတိုက်ကို
ထားခဲ့
ချည်မျှင်နဲ့ရက်ထားတဲ့ အမရပူရမြို့ကို
ထားခဲ့
လေတွေနဲ့ အိမ်ထောင်ရက်သားကျသူ
တောင်သမန်အင်းကို
ထားခဲ့
သားပျက်ကျသူ သပြေတန်းကို
ထားခဲ့
စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
ထားခဲ့
ရထားလာခဲ့ပြီ

လောကီကြောင်းသမားလေး ရထားလေ
ရထားသွားမှာက
မြစ်မောင်နှံသစ္စာထားတဲ့ အရပ်

အဲသည်မှာက
နေဟာလည်း မျက်ဖြူလန်လို့

အဲသည်မှာက
တချို့မြစ်တွေကလည်း
အနားယူလို့ပေါ့

အဲသည်မှာက
တောင်ခိုးနဲ့တိမ်တွေ
လင်ခန်းမယားခန်း အနေအထိုင်တွေကလည်းရှိ


အဲသည်မှာက
လဟာပြင်
တောင်တန်းနဲ့ မြူတွေ
လူလိုသူလို အနေအထိုင်တွေကလည်းရှိ

အဲသည်မှာက
အောင်မြင်စွာ ဆုတ်ခွါခြင်းနဲ့ ကမ္ဘာကျော်ခဲ့
ခုတော့ မုဆိုးမလေး ဘ၀ရောက်ရသူ
ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ

အဲသည်မှာက
ကမ္ဘာ့မြေရင်ဘတ်ထဲက အသည်းနှလုံးဟာ
အစိမ်းရောင်အသွေးအသားရှိ
သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
အဲသည် ရတနာတွေက
အပျိုဖော်ဝင်ကြ
အပျိုသွေးကြွကြ
ရည်းစားသနာထားကြ
(ကမ္ဘာနဲ့ လူသားနဲ့ပေါ့)
ပြီး-
လင်ယူကြ သားမွေးကြ
မြွေတွေ တွင်းဝင်ဖြောင့်သလို
လျောခနဲ
ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ
ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
ရှိသပေါ့

အဲသည်မှာ
လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
ရထားဟာ
အဲသည်ကိုချစ်တယ်ပေါ့


ရထားက
အဲသည်ကို စွဲလမ်းတယ်ပေါ့

ရထားက
 အဲဒီမှာ ပျော်တယ်ပေါ့

ရထားရင်ခေါင်းထဲ
ဘယ်လိုရာသီရာသီဥတု ရောက်နေသလဲ
လူတွေ လူတွေ
မသိကြချေဘူး

ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
ကိုယ်လိုရာ ခရီးရောက်ဖို့ပဲ
စိတ်တွေ
စောနေကျ
ရထားလာခဲ့ပြီလေ

ရထားပေါ်မှာ
ဗုံသံတွေထဲ
ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ

အဲ့ဒီ့လူငယ်က ဖြားယောင်းခဲ့လို့မို့
ဆရာဝန်ဘ၀ မေ့ခဲ့ရသူ
ကောင်မလေးတစ်ယောက်လည်းပါရှိ

ရထားတွဲတစ်တွဲလုံး
ငေါက်ငမ်းသူလည်းပါရှိ

နွားပွဲပြန် အရက်မူးတောသား
စကားတဖောင်ဖောင်လည်းပါရှိ

မြို့တစ်မြို့လုံး
ဝယ်ချမ်းစားသောက်ခဲ့သူလည်းပါရှိ


ဆယ်ဘ၀ပြောင်းလည်း
သစ္စာမရနိုင်သူလည်းပါရှိ

အရက်မသောက်လိုက်ရတဲ့
မြို့တစ်မြို့လည်းပါရှိ

“ငွေကိုရေချိုးချမှ ရောဂါပျောက်တယ်ဗျ”လို့ပြောပြီး
အမှန်တကယ်
နလန်ထလာသူလည်းပါရှိ

ကားလည်းမရှိ အိမ်လည်းမရှိ
အင်္ကျီလည်းမရှိ
မရှိသူလည်းပါရှိ

မကောင်းမပြောချင်ပေမယ့်
ပြောလိုက်မိပါရဲ့
သုံးလင်ပြောင်းတဲ့ မိန်းမလည်းပါရှိ
သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်းပါရှိသပေါ့

ဘယ်တောဝင်ဝင်
ဘယ်တောင်တက်တက်
အရောင်မပြောင်းဘူးဆိုတဲ့
ကင်းလိပ်ချောလည်းပါရှိ

ကိုယ်ကျိုးစွန့်သူ
သူဆင်းရဲသားလေးလည်းပါရှိ

ဒေသထွက် ရာသီစာလေးတွေလည်း ပါရှိ

ကမ္ဘာသုံး ဘာသာစကားပြောတတ်ရုံနဲ့
အနုပညာရပြီလို့
ဘ၀င်မြောက်နေတဲ့ သူလည်းပါရှိ



ကြေးစားဘ၀မှာ နူဝဲနေသူနဲ့
သူ့ရဲ့ ကိုယ်နံ့လည်းပါရှိ

မုဆိုးခြုံမယားနဲ့ ကွဲနေသူ လည်းပါရှိ

နွားခိုး ဘိန်းစားနဲ့ ဘုရားတကာလည်း
ပါရှိခဲ့တယ်ပေါ့
ရထားလာခဲ့ပြီ

ရေနစ်နေတဲ့ ကျောက်ခဲရဲ့
တသွင်သွင် မျက်ရည်လည်းပါရှိ

ခေါင်းတောင်းကျိုက် ပြုတ်ကျတဲ့
ချောတိုင်တက်သမားလည်းပါရှိ

ရထားဟာ
ကုန်သည်လေမှန်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ရွှေဘိုမြင်းပေါက်စတွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ကြက်ခြင်းနဲ့ ကြက်ခြင်းထဲက ကြက်တွေကိုလည်း
သယ်ဆောင်လာခဲ့ရ

ရထားဟာ
သဲကန္တာရ အသွင်ပြောင်းနေထိုင်တဲ့
ပင်လယ်ကိုလည်း
သယ်ဆောင်လာခဲ့ရ




ရထားဟာ
မြို့အရက် တောအရက်တွေကို
အားပေးသောက်သုံးခဲ့ရ
သယ်ဆောင်လာခဲ့ရ

ရထားဟာ
ညအနေအထိုင်နဲ့နေ့တွေကို
သယ်ဆောင်လာခဲ့ရ
 
ရထားဟာ
သူဖြတ်ကျော် နင်းမိသမျှ
တံတားတွေကိုလည်း
သူပြန်တင်ဆောင်လာခဲ့ရ

ရထားဟာ
သူကြည့်မိသမျှ
ရှုမျှော်ခင်းတွေ
အဲသည်ရှုမျှော်ခင်းတွေရဲ့
ကိုယ်ရည်ကိုယ်သွေးကိုပါ
သူပြန်တင်ဆောင်ခဲ့ရ

ရထားဟာ
သူ့ခေါင်းပေါ်က
ကိလေသာ တိမ်တိုက်တွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
သူ့အောက်က
သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
တင်ဆောင်လာခဲ့ရ

ရထားဟာ
လောကီကြောင်းသမားဆိုတော့
မိုင်းမနင်းမိအောင်လည်း
ခမျာမှာ သတိကထားရသေးသပေါ့

ဒါပေမယ့်
ရထား လာခဲ့ပါတယ်

သည်လိုနဲ့
ရထားဟာ
ရုပ်ရည် သနားကမားမြို့တွေ
ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
အသံကောင်းတဲ့ တောအုပ်တွေ
အမြဲစိမ်းတောနဲ့ ရွက်ကြွေတော
ကိုယ်လက်နှီးနှောကြ ဒေသတွေ
ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
သစ်ခုတ်သမားလက်စွမ်းပြ
တောပြောင်ပြောင်တွေ
ပေါင်မုန့်မီးကင်ထားသလို
မြို့တွေ
မုန့်လေပွေလို ရွာတွေ
 ရထားဟာ
ဘဏ်စာရေးတစ်ယောက်ငွေတွေရေတွက်သလို
တစ်မြို့ပြီးတစ်မြို့ ရေတွက်
တစ်ခုပြီး တစ်ခုရေတွက်
တစ်တောင်ပြီးတစ်တောင်ရေတွက်
အားလုံးကိုရေတွက်
ရထားခရီးဆက်ခဲ့တယ်ပေါ့

သည်လိုနဲ့
ရထားဟာ
နဘားဆိုတဲ့
အပ်နဖားပေါက်လေးတစ်ပေါက်မှာ
မျက်နှာသစ်ပြီးတဲ့နောက်
ရှေ့ခရီးဆက်မယ်လို့
ရေထိတဲ့ကြောင် အမွှေးခါသလို
သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ


နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
မြို့တစ်မြို့
ဘီးလှိမ့်စ ရထားပေါ်
ဖျတ်ခနဲ ခုန်တက်လိုက်ပါ
ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ

ရထား
စိတ်ပျက်ခဲ့တယ်
ရထားလာခဲ့ပြီ
                        မောင်ချောနွယ်-1990

(ဒီကဗျာလေးက မောင်ချောနွယ်ရဲ့ နာမည်ကြီး ရထားဆိုတဲ့ ကဗျာစာအုပ်ထဲက ဖြစ်ပြီး စာအုပ်ရဲ့
တိုက်တယ် ကဗျာလည်းဖြစ်ပါတယ်
အပြင်မှာ ရှာဝယ်ဖို့မလွယ်တော့တဲ့ အပြင်
ရောင်းတဲ့သူလည်း မရှိသလောက်ပါ
ကျွန်တော့်ဆီ အမှတ်မထင်ဒီကဗျာလေးရောက်လာတော့
ပြန်မျှဝေပေးလိုက်ပါတယ်…အားလုံး
လိုအပ်မယ်ထင်ပါတယ်)
                                    ရွှေကြယ်မိုး







No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်