ကြည့်စမ်း…
သူရူးတစ်ယောက်
ရူးဟန်ဆောင်ပြနေရ
ကြည့်စမ်း…
လူရွှင်တော်တစ်ယောက်
ရယ်ဟန်ဆောင်ပြနေရ
ကြည့်စမ်း…
စစ်သားတစ်ယောက်
ကြမ်းတမ်းဟန်ဆောင်ပြနေရ
အစစ်မှန်ပါပဲကွယ်
ငါတို့ကြားမှာလေ…
မိုးဝသန်လေပြင်းများအောက်
ငါတို့ကြားမှာ သွန်းဖြိုးတဲ့
အလွမ်းစက်လက်တွေ
ထာဝရသာ တိတ်သွားပါတော့…
အကြောင်းဆုံရဖန်များလာတော့
ကံကြမ္မာကို
ယိုးဖွဲ့ရတာ
ဖန်တစ်ရာထပ်လာပြီ
ထိရှဖန်များလာရင်
ဘယ်သူမဆို နာကျင်မှာပဲ
နားလည်ပေးပါ
ကျေးတမာ…နားလည်ပေးပါလေ
ဘူတာရုံလေးအိုသွားသလို
အဝေးပြေးကားဂိတ်ကြီးလည်း
မှုန်ဝါးသွားပြီ…မြေသားနီလမ်းမကြီးလည်း
ကျန်ခဲ့ပါပြီလေ
သြော်…ပြန်လာခဲ့မယ်…ပြန်လာခဲ့မယ်
ပြန်လာခဲ့ပါမယ်
ဆိုတဲ့ အထပ်ထပ်ကတိတွေလည်း
ငါ ဖျက်လိုက်ရမလို
ဖြစ်သွားပြီပေါ့ ကျေးတမာ
မြူခိုးဆန်ဆန်နှုတ်ဆက်ခြင်းတွေက
ခိုင်မာလာပြီး
သံကြိုးပုံစံသံယောစဉ်တွေက
ထောင်းခနဲ ပြတ်ထွက်သွားရ
ကြည့်စမ်း…
ကံကြမ္မာရဲ့
ဆန်းကြယ်ပုံကို
တင်းထားရင်
ပြတ်ထွက်သွားရမှာမို့ လျှော့ထားပြန်လည်း
လွတ်ထွက်သွားရ…
ငြိမ်းချမ်းရေးအတွက်
စစ် လိုသတဲ့ ကျေးတမာ
နင်နဲ့ငါ
ငြိမ်းချမ်းဖို့ ဘယ်သူတွေကို စစ်ကြေညာရမလဲ
အရေခြုံတောအုပ်မှာ
ဘုရင့်မင်းသားတွေကို ထားရစ်ခဲ့
ပန်းတစ်ရာလမ်းမှာ
ရနံ့မဲ့ သူတော်ကောင်းတွေကို ထားရစ်ခဲ့
ပြီးတော့
နစ်ဆင်မင်ဒရဲလားကို
နိုဗယ်မရှိတဲ့ နေရာမှာထားရစ်ခဲ့
အာသာရင်းဘိုးကို
ပို့(စ်)မော်ဒန်မရှိတဲ့ နေရာမှာထားရစ်ခဲ့
ချေကို
ဒီမိုကရေစီ မရှိတဲ့နေရာမှာ ထားရစ်ခဲ့
ဗင်းဆင့်ဗန်းဂိုးကို
ပွိုင်တီလီဇင် မရှိတဲ့နေရာမှာ ထားရစ်ခဲ့
ငါ့ကို
ကဗျာတွေ မရှိတဲ့မြေမှာ ထားရစ်ခဲ့
မရှိတဲ့အရာတွေ
ရှိလာဖို့
တာဝန်ယူဆောင်
ထမ်းပိုးကြရမယ်
မရှိတဲ့အရာတွေ
ရှိလာဖို့
ဆူးကြိုးတွေကို
ဖြတ်ထွက်ကြရမယ်
ကန့်လန့်ကာနောက်က
ကချေသည်တွေရဲ့ ဘ၀ကို
ဘယ်သူမြင်နိုင်မလဲ
သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့
စတေးပေးခဲ့တဲ့ လူသန်းငါးဆယ်ကို
ဘယ်သူ ဆုချီးမြှင့်မလဲ
ကြည့်စမ်း…
ကြည့်စမ်း…
ကြည့်လိုက်စမ်းပါ
ကျေးတမာ
ဘာပဲဖြစ်ဖြစ်
ငါတို့ မမြင်နိုင်ပါဘူးလေ
အကွာအဝေးတွေကြားမှာ
စမ်းတ၀ါးဖြစ်နေသေးသ၍
ငါပြန်လာခဲ့မယ်လို့
…နင်ယုံအောင် ငါပြောမယ်
နင်လက်ခံဖို့ခက်ခဲမယ့်
စကားတွေပြောချင်တိုင်း
နင်ပေးခဲ့တဲ့
ရင်ထိုးကို ငါအမြဲတပ်ကြောင်း အရင်ပြောမယ်
မိကျေးတမာ…
မိကျေးတမာ…
ဘာပဲဖြစ်ဖြစ်
ငါတို့ မကြားနိုင်ပါဘူးလေ
လှည့်ကွက်တွေက
ကြမ္မာဆန်နေလွန်းတယ်
ü ရွှေကြယ်မိုး
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ