Friday, June 15, 2012

ကျေးတမာ-၂-ရွှေကြယ်မိုး

အဲ့တာပဲ ကျေးတမာရေ
ဘာမဟုတ်တဲ့ ဇာတ်လမ်းမှာ
ဓါးရေးထက်သူတွေ ငါတို့နောက်က တရကြမ်း
လိုက်လာခဲ့ကြ…
ပြီးတော့ သူတို့ရဲ့ ဓါးလွတ်တွေနဲ့   ငါတို့ကို
ခုတ်ဖြတ်ဖို့ပြင်ကြ…
ပြေး…ပြေး ကျေးတမာ နောက်လှည့်မကြည့်နဲ့
နောက်ဆုံးတော့ တကွဲတပြားနဲ့
နောက်ဆုံးတော့ ခုတ်ရာ ထစ်ရာတွေနဲ့
ငါတို့ရဲ့ အိမ်အပြန်လမ်းကို နင် ရောက်မလာခဲ့ဘူး
ကဗျာဆရာတစ်ယောက်ရဲ့ ခဲခြစ်ဒဏ်ရာ
မျက်ဝန်းဝိညာဉ်နဲ့ မျက်ရည်ထွက်သက်
ကိုယ်,ရှုံးခဲ့ပါတယ်

စိမ်းသူတို့ တောခြောက်ကြတဲ့
အိမ်အပြန်လမ်းမှာ ငါချစ်တဲ့
ကျေးတမာ ကျရှုံးပျောက်ဆုံးရစ်ခဲ့
ကဲ…ဘယ်သူတွေ ကယ်တင်ကြမယ်တဲ့လဲ
ငါ ချစ်တဲ့ ကျေးတမာကို ပြန်ပေးခဲ့ကြ…
ငါ ချစ်တဲ့ ကျေးတမာကို ပြန်ပေးခဲ့ကြ…
တမျှော်တခေါ် အော်ခေါ်ခြင်းများစွာနဲ့ သတိရ
သူ…သူ….ရှိသေးပါရဲ့လား…
ကျွန်တော့်ရဲ့ ကျေးတမာ ရှိသေးပါရဲ့လား…
စိမ်းသူတို့ တောခြောက်တဲ့ပွဲမှာ စိမ်းသူတို့ကိုယ်တိုင်
တော်လဲသံအထပ်ထပ်နဲ့ တောမှောက်ခဲ့ကြပါရဲ့
ကျေးတမာရေ
မိကျေးတမာရေ
စိမ်းသူတို့ တောခြောက်ကြတဲ့ပွဲမှာ ကိုယ်,ရှုံးခဲ့ပြီ
ကိုယ်,တို့ရှုံးခဲ့ပြီ


လဲ့စိမ်းဖြာလင်းနေတဲ့ အလင်းစက်တွေကြား
တို့တတွေ ဘယ်လောက်ထိအောင် လှဲလျောင်းနေနိုင်ပါ့မလဲ
အဲ့တာပဲ ကျေးတမာ
ရရှိနိုင်ပါလျက်နဲ့ ငါတို့ မရရှိခဲ့ကြ
ပြေး…
ပြေးပါတော့…
အသက်ဓါတ်တွေဆက်လက်ရှင်သန်ဖို့ရာ ပြေးပါတော့
ကြက်ခြေခတ်လမ်းဆုံမှာ တို့ ပြန်ဆုံကြမယ်လေ ကျေးတမာ

ကြယ်တွေကြွေပြီ
ရေတွေခန်းပြီ
တောင်တန်းတွေပြိုပြီ
တိမ်တွေငိုပြီ
ငါ ချစ်ရတဲ့ ကျေးတမာကို ပြန်မတွေ့ရတော့

ကျေးတမာကို
နောက်ကျောဓါးထိုးကျွမ်းသူတို့ ခေါ်ဆောင်သွားခဲ့ပါသလား

ကျေးတမာကို
ယမ်းဖောက်ဂီတ ကချေသည်တို့ ခေါ်ဆောင်သွားခဲ့ပါသလား

(နင်ကလွဲလို့ ဘယ်သူမှမသိတဲ့)
အရင်နေရာမှာ ငါတစ်ယောက်တည်း
ဆက်လက်စောင့်နေမယ် ကျေးတမာ
နင်…သာယာစွာ ရှိမနေရင်တောင်
ဟောဒီ့လောကကို စိတ်မနာလိုက်ပါနဲ့
ငါ့ကို မမုန်းလိုက်ပါနဲ့…
ငါတို့ရဲ့ စစ်တုရင်ပွဲမှာ ငါတို့ အောင်ပွဲခံဆဲပါ ကျေးတမာရယ်
                                      ရွှေ  ကြယ်  မိုး


No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်