ပန်စာပူရီဟာ
ကွန်မြူနစ်မဟုတ်သလို
ပဒေသရာဇ်လဲ
မဟုတ်ဘူး
သူ့လမ်းသူဖောက်ပြီး
သူ့ဇာတ်သူသွင်းခဲ့သူပါ။
တစ်နေရာတည်း
ခွေခေါက်နေတဲ့ တောင်တန်းတွေလို
ဘိုနီရို ကျောရိုးထဲက ငေါထွက်လာတဲ့
တောင်တရုတ်ပင်လယ်ရဲ့
အဆုတ်တစ်ခြမ်း
လိုကယ်လင်ဂိုးတွေနဲ့
နေ့တိုင်းပဲ မျက်နှာသစ်ခဲ့တယ်
ဆန်တီးရေးဂိုးလား
မက္ကဆီကိုလား ဒီနေရာမှာ
ဘယ်သူမှ
မမေးဘူး
ကက်ရှမီးယား
ပန်းသီးတွေ မရှိသလို
နှုတ်ခမ်းနီရဲရဲနဲ့
ဘန်ကောက်လမ်းမတွေမရှိဘူး
ဆာရပ်နဲ့
ဆာရ၀ပ်ရဲ့ အီဒီရမ်တွေကိုပဲ
ရွိုင်ရယ်ရီဂါးလီယား
နဲ့ သူ့အမြစ်တွေထဲ ထည့်ဖွက်ထားတယ်
ကွန်စတီကျူးရှင်းနဲ့
ဒိုင်ယာလော့တွေ ဝေးလို့
ကမ္ဘာ့ဖလားတောင်
လူရာမသွင်းခဲ့တဲ့ ပန်စာပူရီ
လေဟုန်စီးတတ်တဲ့
အပျိုချောတစ်သိုက်ကလွဲရင်
ဒီနေရာမှာ
ပူထရီ နော်ရီဇာသာ ညှို့အားအပြင်းဆုံး…။
ဘုရားသခင်ပေးသနားတဲ့
ကြေးစစ်သည်ကို
ဘုရားသခင်လိုပြန်ကိုးကွယ်ကြရင်း
ဇူလိုင်
၁၅ ဆို
မြို့လုံးကျွတ်အလင်းတွေ
တစ်ဟုန်းဟုန်းလောင်ကြတယ်။
အဲလပ်စ်တောင်ကြားက
နှင်းတွေကို စောင့်ပြီးပွင့်တဲ့
အီတလီပန်း
ဗီယက်နမ်ပန်းတွေလဲပွင့်ကြ
နိုဝင်ဘာရဲ့
ပွဲတော်ညတွေပြီးရင်
နတ်စိမ်းလုပ်မယ်ဆိုတဲ့
ခေါင်းမီးခြုံမလေးတွေ
စိတ်ကူးလေတံခွန်တွေ
အပြိုင်လွင့်လို့…။
ဘုန်းတော်ကြီး
ဒလိုင်းလားမားရဲ့
ဆုတောင်းသံ
မကြားဖူးပေမယ့်
ငြိမ်းချမ်းရေးအတွက်
စုပေါင်းဝတ်ပြုတဲ့
ဓမ္မတေးသံတွေကိုတော့
နားထောင်ဖြစ်ကြတယ်။
မော်ဂန်ဖရီးမန်းရဲ့
ဆောင်းဦးရစ်သမ်မရှိပေမယ့်
အစိမ်းရောင်တွေချည်း
ထုတ်ချင်းပေါက်နေတဲ့
ညှီနံ့ကင်းတဲ့
ပေါ်လူးရှင်းတွေရှိတယ်။
တော်ဝင်မျိုးနွယ်ရဲ့
နီညိုရောင်တပ်သားတွေကတော့
၇၆၇ ကနေ
၇၇၇ ကိုအိပ်မက်တွေ ပြောင်းမက်ကြ
အတိတ်တွေ
မေ့ချင်ယောင်ဆောင်ကြ
လူအထင်ကြီးအောင်”စတူ၊
ဒွါ၊ တီဂါ” ဆိုပြီး မပီတပီ ရေတွက်ကြ
တရီမာကာ့ဆေ့
ဆိုပြီး အပြုံးတုတွေနဲ့ ပြောကြ
သူတို့အတွက်တော့…
အီမိုးရှင်းနယ်
အက်စပိုင်ရေးရှင်းမပါတဲ့
ဟောင်းလောင်းပေါက်သက်သက်တွေ
ကျွန်မနားမလည်နိုင်သေးတဲ့
အက်တီခစ်တစ်ခုခုလိုမျိုး
ပန်စာပူရီဟာ
ဒီညမှာ
ကျွန်မကို အနမ်းနဲ့ နှုတ်ဆက်တယ်
“ဆလာ့မတ်
မာလန်း”။ ။
ခေါင်ခေါင်
၁၈.၁၁.၂၀၁၀
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ