တ တို့တွေ တစ်ယောက်နဲ့ တစ်ယောက်ဝေးကြ
နီးပေမယ့် ဝေးကြ
ဝေးသော် ပို၍ဝေးကြ
နှစ်ယောက်အိပ်ကုတင်ပေါ်
လင်မယားဝေးကြသလို
ခေတ်ကြီးတစ်ခုလုံး
ခြားခဲ့သလို
ဝေးကြ။
အပေါ်ယံဆိုပေမယ့်
အပေါ်ယံမှာပဲ ကျဆုံးခဲ့ကြတယ်
ယင်ကောင်တွေလို
အများအပြား
နှစ်တွေ လက်ဆင့်ကမ်းခဲ့ကြရုံ
သေတော့
အံ့အားသင့်ရ
မသေခင် လှည့်မကြည့်နိုင်ကြ
သုတ်သီးသုတ်ပျာ
ပြာယာခတ်ကြ။
စက်တွေ ခွေးသွားစိတ်ပြုံန်းသလို
ထစ်အခဲ့ကြ။
ငိုစရာ ရယ်စရာဟာ
သိပ်မကွဲပြားတော့
ယောင်နခဲ့ကြ။
သစ်ရွက်တစ်ရွက်
ညှိုးနွမ်းစွာတွားသွားခဲ့တယ်
လူတစ်ယောက် အားနည်းစွာ
ရှပ်တိုက်ခဲ့တယ်
ရှင်ခဲ့တယ်
သေခဲ့တယ်
တစ်နေကုန်တစ်နေခန်း
လမ်းသလားခဲ့တယ်
လမ်းသလားရင်း လမ်းမှာ
လမ်းပျောက်ခဲ့တယ်။
လမ်းသလားရင်း လမ်းမှာ
တောမှောက်ခဲ့တယ်။
လွဲမှား
အဖာ အစပ် အပြစ်များလှတဲ့
ဒီဘ၀ ဒီခန္ဓာ ဒီရုပ်
ချုပ်ရိုးပြုတ်ခဲ့ပေါ့
သူသေခဲ့တယ်
လူသေခဲ့တယ်
၁၉၉၇ နွေကြီးမှာ သူသေခဲ့ပေါ့
ရုပ်ရှင်ကား တစ်ကားလို
ရုပ်ရှင်ကားတစ်ကားဟာ ပြီးခဲ့ပြီး
နောက်ထပ်ရုပ်ရှင်ကားတစ်ကား
ခေါင်းတိုင်ထိပ် မီးခိုးများ။
မနိုင်ဝန်ထမ်းထားတဲ့ ငါ့ရဲ့ လက်ဘက်ရည်ပူပူကို
နွေးအောင် သူမှုတ်သောက်ခဲ့တယ်။
ဘ၀ကြီးရဲ့ တစ်ဖက်သတ် ရှုံးပွဲများအတွက်
သူ ထိုက်ထိုက်တန်တန် ဝေစုရခဲ့တယ်
အဲ့ဒီ့ ဝေစုအတွက်ဖြင့်
သူ တာဝန်ကျေခဲ့ပါရဲ့။
အောင်ချိမ့်
(ရနံ့သစ်၊ စက်တင်ဘာ၊
၁၉၉၇)
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ