သောမတ်အက်ဒီဆင်ရဲ့ မီးလင်းတဲ့နေ့ 
မဟာဂန္ဒီရဲ့ ငြိမ်းချမ်းရေးရတဲ့နေ့ 
တာရာမင်းဝေရဲ့ ပန်းပွင့်တွေပြန်ရောက်မလာတဲ့နေ့ 
အဲ့ဒီ့နေ့ တွေကို ကျွန်တော်ပြန်ပြန်ရောက်နေမိတယ်…
တစ်လှမ်းချင်းလှမ်းရင်း…တစ်လှမ်းချင်းလျှောက်ရင်း
မိုးစက်တွေလည်း ပါ လာတယ်…
ဆောင်းရိပ်တွေလည်း နာ လာတယ်…
ဥသြသံတွေကလည်း ဆူ လို့ ရယ်…
သူကလည်း လျှောက်နေတယ်…
ကျွန်တော်ကလည်း လျှောက်နေတယ်…
အားလုံးကလည်း လျှောက်နေတယ်…
ရပ်တန့် ဖို့ အတွက်အတူတကွ လျှောက်နေကြတယ်
ဗင်ဂိုးငှက်တွေရဲ့ ဟစ်ကြွေးသံက
ရိုက်ချိုးခံရတော့မယ့် တောင်ပံတွေအတွက်လားကွယ်…
ငါ့စိတ်တွေ ငါပြန်ပြန်မေးနေရလို့  ရူးနေမိတယ်…
ဘာပဲဖြစ်ဖြစ်နေ့ ရက်တွေ ရှိသေးရဲ့မဟုတ်လား?
ဆန္ဒရှိမယ်ဆိုရင် ရာဇ၀င်ထဲကနေ့ တွေဆီ
သွားလို့ ရပါသေးတယ်…
တချို့ တွေက မိုနာလီဇာရဲ့ အပြုံးဆီသွားကြတယ်
တချို့ တွေက အက်ဇရာပေါင်းရဲ့ ကဗျာတွေဆီသွားကြတယ်
ကျွန်တော်ကလည်း သွားပါတယ်…
ဒါပေမယ့်…
ပျော်ခဲ့ရတဲ့ တနင်္ဂနွေနေ့ လေးဆီ
ပြန်မရောက် ဖြစ်တော့ဘူး…
ဘယ်လိုပဲလိုက်ရှာလိုက်ရှာ…
ရင်ခွင်ထဲမှာ မှေးစက်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ရဲ့
တနင်္ဂနွေနေ့ လေးဆီ ပြန်မရောက်ဖြစ်တော့ဘူး…
ရွှေကြယ်မိုး
ဒီကဗျာလေးက ကျွန်တော့်ကိုထူးထူးခြားခြားစိုးမိုးခဲ့တဲ့ကဗျာလေးပါ။
No comments:
Post a Comment
ခုလိုလာတာကျေးဇူးပါ