Friday, July 13, 2012

ခင်ဝမ်းအတွက် ကဗျာ-အောင်ချိမ့်

သူမပျော်ဘူးဆိုတာ
ငါသိခဲ့ပါရဲ့။

ငွေစရွှင်တဲ့ ပန်းချီဆရာ အဖြစ်နဲ့တောင်
မပျော်ရွှင်ခဲ့ဘူးလား
ငါသိခဲ့ပါရဲ့။

‘အဖေ့သွား ရေထဲမှာ အိပ်တယ်’
ငါသိခဲ့ပါရဲ့။

‘ပြည်မှာဆောင်း’ ‘ကောလိပ်နေ့ရက်များ’
 ငါသိခဲ့ပါရဲ့။

နောက်ဆုံး ‘မိုက်ကယ်ဖေးလ်’လို ‘စပရေး’ပက်ခဲ့တယ်
ငါသိခဲ့ပါရဲ့။

မောင်ဒီရဲ့ သူငယ်ချင်း
ငါသိခဲ့ပါရဲ့။

ငါ မပျော်ရွှင်ခဲ့ပုံ
သူရိပ်မိခဲ့သလို
သူမပျော်ရွှင်ခဲ့တာ
ငါသိခဲ့ပါရဲ့။

ငါတို့ဟာ မတိုင်ပင်ပဲ အတူတူ
ကိုယ့်ထောင့်မှ ကိုယ်
မနေနိုင် မထိုင်နိုင် ရှာတွေ့ခဲ့ကြ
ကျွမ်းပြန်ခဲ့ကြ။



ငါတို့ မေ့လျော့ခဲ့ကြတယ်
‘သေမှု’ ဟာရှင်သန်နေပြီး
‘ရှင်မှု’ဟာ သေဆုံးနေတယ်
ငါတို့ မေလျော့ခဲ့ကြတယ်။

ခုတော့
ကြွေပေါ့။

ကျော်ကြားတဲ့ ၂၀၀၀ ပြည့်နှစ်ထဲရောက်မှ
ကြွေပေါ့။

အလို၊ အဲ့ဒီ့ကြွေတဲ့ကြယ်ဟာ
‘ခင်ဝမ်း’အမည် တပ်ရမှာပါလား။

ငါက ကဗျာဆရာ
ဒီတိုင်းပြည်မှာ ကဗျာဆရာ
အခက်အခဲများ
ခလုတ်ကန်သင်း အတိုက်များတဲ့ ကဗျာဆရာ ဒီကဗျာ
ငါ့အကြောင်းပါ ငါထည့်စပ်လိုက်ပါရဲ့။     
                   (ယနေ့ခေတ်၊ ဖေဖော်ဝါရီ၊၂၀၀၁)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်