Saturday, November 19, 2011

ဒီမိုးကရေစီးတယ်-မင်းထင်ကိုကိုကြီး

အဖေလည်း ပါသွားပြီ
ဒီမိုးက ရေစီးတယ်
အဖေ့တိုက်ပုံ အင်္ကျီလေးက အရင်အတိုင်း
ဒီမိုးက ရေစီးတယ်
လျှပ်စီး အပြက်မှာ မြင်လိုက်ရတာ အစ်ကို့ လက်တစ်ဖက်လား
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်ထဲမှာ ဘောပင်လေး တစ်ချောင်း
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်ကိုစွန်း နေတာ မင်နီတွေလား
ဒီမိုးက ရေစီးတယ်
ကျည်ဆန်တွေလို ဆက်တိုက် ကျနေတဲ့ မိုးစက်တွေကြား
ထီးရှာ ထွက်သွားတဲ့ ညီလေးရဲ့ ဖိနပ်တစ်ဖက်က
ပလက်ဖောင်းပေါ် မှောက်လျက်
ဒီမိုးက ရေစီးတယ်
အဲ့ဒီဘေးမှာ သူငယ်ချင်းရဲ့ ဖိနပ်
ဒီမိုးက ရေစီးတယ်
မိုးကြိုးတစ်ခု
ညီမလေးနဲ့
သူ့ သူငယ်ချင်းကို တည့်တည့်မှန်တယ်
ဒီမိုးက ရေစီးတယ်
ညီမလေး လွယ်အိတ်ထဲက စာအုပ်တွေ
မိုးရေထဲ လမ်းမပေါ် မီးထတောက် နေတုန်း
ဒီမိုးက ရေစီးတယ်
စိမ်းပြီး မှောင်နေတဲ့
ကောင်းကင်ဆီက ထစ်ချုန်းသံကို လန့်ပြီး
သမီးလေးလည်း ငိုရဦးမယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးကို လက်ခုပ်နဲ့ ခံပြီး
ကိုယ့်ကိုယ်ကိုယ် သရဏဂုံ တင်တော့
အမေ မျက်ရည်ကျတယ်။ ။
၁၆.ဧပြီ.၂၀၁၁
မင်းထင်ကိုကိုကြီး
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်