Monday, November 28, 2011

ဝါဆိုမှတ်တမ်း-ခင်ငြိမ်းချမ်း

ည, ညတွေမှာ ငါအိပ်မပျော်တော့ဘူးး
ဆေးလိပ်တွေတစ်လိပ်ပြီးတစ်လိပ်နဲ
နင့်အကြောင်းကိုအသက်ဆက်နေရတယ်
တွေးလိုက်..သက်ပြင်းရှည်ချပစ်လိုက်နဲ့
အဲဒီနှစ်ခုကြားမှာလည်..လည်နေရတယ်။

ဒီထက်ထူးပြီးတော့လည်း
စိတ်သက်သာရာရစရာ..တွေးမရခဲ့ပါဘူး
ထွက်ပြီးသားအဖြေတစ်ခုလို
(ဘယ်လိုပဲလှည့်တွက် လှည့်တွက်)
ဒီအမှတ်ပဲပြန်, ပြန်ရောက်နေတာကိုလည်း
သိသိရက်နဲ့လက်မခံနိုင်သေးဘူး။

နားထဲမှာလည်း ခေါ်သံတွေကြား, ကြားနေရတယ်
တစ်ခါတလေ ဖုန်းမြည်သံတွေဖြစ်လိုက်
တစ်ခါတလေ နင့်ခေါ်သံတွေဖြစ်လိုက်နဲ့
နင့်အပေါ်ထားတဲ့ ငါ့ရဲ့စိတ္တဇတွေ
.......ပို..ပိုဆိုးလာခဲ့ရ....
ဘာမှပိုထူးမလာပါပဲနဲ့ ငါကပဲရူးနေရတယ်။

ငါ့နှလုံးခုန်သံတွေလည်း
တဖြည်းဖြည်းနဲ့ပိုနှေးလာနေပြီ
တစ်မိနစ်မှာ၇၅ကြိမ်နှုန်းအောက်တောင်
လျော့ချင်လာတာ
နင့်ကြောင့်လို့တော့ မစွပ်စွဲပါဘူး
နင်မပြုခဲ့တဲ့ စွဲလမ်းမှုတစ်ခုကြောင့်ပါ။

ဘာမှမတည်မြဲတဲ့ လောကမှာ
သေချာတာကတော့ သေသေချာချာချစ်မိသွားတာပါပဲ
နေရောင်ခြည်...
မျှော်လင့်ချက်...
အပြုံးတွေ...အဲဒါတွေတစ်ခုမှမမြင်နိုင်တော့ပဲ
နင့်တစ်ယောက်ကို`သတိ´မှတ်ပြီး ဆက်ချစ်နေသေးတယ်။

ဝါဆို!
နင်က ငါ့နှလုံးသားလည်းဖြစ်တယ်
မျှော်လင့်ချက်ဆိုလည်း ဟုတ်တယ်
ပျော်ရွှင်မှုတွေလည်းဟုတ်တယ်
နောက်ပြီး
ငါ့ရဲ့..ယုံကြည်မှု..တစ်ခုလည်းဖြစ်တယ်။

အိမ်မက်တွေ၊ကြယ်ပန်းခင်းတွေနဲ့
ငါ့အနာဂတ်အတွက်ကြိုတင်စိုက်ပျိုးပြီးသား
အဲဒါတွေလွှတ်ပစ်ချပြီး
နင့်အပါးကနေ မခွာနိုင်တာ
ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုလည်းဖြစ်တယ်။

ဝါဆို!
နင်ဟာ..ငါကြိုက်တဲ့ရုပ်ရှင်တစ်ကားလိုလည်းမဟုတ်ပြန်ဘူး
ငါ ဖတ်..ဖတ်နေတဲ့ စာအုပ်တွေလိုလည်းမဟုတ်ခဲ့ပြန်ဘူး
ငါ..နှစ်ခြိုက်တဲ့..သီချင်းတစ်ပုဒ်လိုလည်း မဟုတ်ခဲ့ပြန်ဘူး
ဒါပေမဲ့..ငါ ချစ်ခဲ့မိပါတယ်။

ငါတို့နှစ်ယောက်ဟာ
ဓါးသွားတွေလို အပြန်အလှန်ထိရှ
အသီးသီးဒဏ်ရာရနေအောင်ကို,..
ချစ်ခဲ့မိကြတယ်..ဒါပေမဲ့ကွယ်
တချို့ကံကြမ္မာတွေကပြောင်းမပစ်သင့်ဘူး
သူ့ဟာနဲ့သူ နေသားတကျရှိပါစေကွယ်။

ဒါဟာ အမှန်တရားပါလို့
ငါ ကိုယ်တိုင်`တိတ်တဆိတ်´၀န်ခံပြီးသား
နင်မရှိခင်ကတစ်ဘ၀ဖြစ်ခဲ့ပေမဲ့
နင်မရှိတော့မဲ့နောက်မှာ တစ်ဘ၀ဖြစ်နိုင်ဖို့
မလွယ်လှတော့ပါဘူး။

အကြောင်းတရားတွေ ကင်းကင်းရှင်းရှင်းနဲ့
နင့်ကိုချစ်ခဲ့တဲ့ မေတ္တာတရားမှာ
(အကြောင်းတရားတစ်ခုတလေတောင်ရှိခွင့်မရခဲ့တာ)
ဘယ်အရာကို ငါသက်သေပြရဦးမှာလဲ
ရိုးရိုးလေးပဲ ၀ါဆို!
နင့်ကို ငါ..ချစ်ခဲ့မိပြီ။

နင်လည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့
(မျက်စိစုံမှိတ်ပြီး)ငါ ယုံကြည်ပစ်လိုက်မယ်
မိန်းမတစ်ယောက်မှာရှိသင်တဲ့ အရည်အသွေးတွေ
ရှိသယောင်ယောင်ထင်ရတဲ့
အပေါ်ယံအပြင်အဆင်တစ်ခုသာရှိတဲ့
ဘာကိုမှခွင့်မလွှတ်တတ်တဲ့ ငါ့ကို
နင့်ပိုင်ဆိုင်မှုတွေနဲ့ လောင်းကြေးထပ်ပြီး
....ချစ်ခဲ့တဲ့အတွက်ကိုပေါ့........။

ဝါဆို!
ငါတို့နှစ်ယောက်ဟာ
(တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကျိန်စာတိုက်နေသလိုမျိုး)
အချိန်တွေကုန်လာတာနဲ့အမျှ တိုး, တိုးပြီးတော့နာကျင်နေရ
နာကြင်နေရက်ကနေ ကြင်နာခဲ့ကြ
ကြင်နာစွာနဲ့ နာကြင်ခံကြရ..။

ယောင်္ကျားတစ်ယောက်ကို
မိန်းမတစ်ယောက်က စွဲလမ်းမှုမျိုးနဲ့တောင်
ငါ မချစ်ရက်ခဲ့ဘူး
ငါ့အတွက် နင်ဟာ လေထဲကဖယောင်းတိုင်လေးဖြစ်တယ်
(အချိန်မရွေး ငြိမ်းသက်သေဆုံးသွားနိုင်တယ်)။

တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့
ကိုယ့်ရင်ကိုခွဲပြီး ကိုယ့်နေရာကိုယ်ပြန်ရလိမ့်မယ်
အဲဒီအချိန်မတိုင်ခင်အထိ
ငါတို့တွေ နာကျင်စွာနဲ့လောင်ကျွမ်း
မီးကိုတိုးတဲ့ ပိုးဖလံလိုအဖြစ်မျိုး
ငါတို့နှစ်ယောက်မှာလည်း ရှိရဲ့။

အစလည်းမကောင်းသလို
အဆုံးသတ်ကိုလည်းကြိုတင်ခန့်မှန်းနိုင်တဲ့ဒီဇာတ်လမ်းမှာ
ငါ့ရဲ့ဝန်ခံခြင်းတွေအဖြစ်ရေးသားခဲ့မယ်
ဒါဟာ ကဗျာမဟုတ်ဘူး
အနုပညာမဟုတ်ဘူး
ငါ့အတွက် ဒဏ်ရာတွေသာဖြစ်တယ်
ငါ့မေတ္တာတွေကြောင့် အေးမြနိုင်ပါစေသား
နွေးထွေးလုံခြုံစွာ အိပ်စက်နိုင်ပါစေသားကွယ်။


ခင်ငြိမ်းချမ်း
Dec 4th 2010
1:00Am

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်