Wednesday, December 14, 2011

နေ့ဆိုး-ရွှေကြယ်မိုး

အဝေးမှာ…

သဒ္ဒါပိုတဲ့ လေပြေတို့ ခြေဆန့်ကြပြီ

ကျွန်တော်ချစ်သောပန်းပွင့်လေးလည်း ကြွေကျသွားပြီ

နာကျင်နေကြပါလျက်နဲ့ နာကျင်စွာပြုံးပြကြရင်း

တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ခဲ့ရတယ်

ကျောင်းဆင်းခေါင်းလောင်းသံတို့ မချိုမြိန်ခဲ့တဲ့နေ့…



ကမ္ဘာမြေဟာ မှိုင်းရီညှို့အက်

အရာရာဟာ မှုန်ပျကွဲအက်လို့နေ

အဝေးမှာ တိမ်ညိုတို့ ခပ်စို့စို့အလင်းတွေနဲ့

ကောင်းကင်ကိုထွန်းညှိဖို့ရောက်လာကြပြီ

မြင်ကွင်းမှန်သမျှက တုန်ရီေ၀၀ါး

အဲ့နေ့ဟာ ပန်းရနံ့တွေရင်ခတ်ရှိုက်မောကြတဲ့နေ့



ဘေးတစ်ဖက်တစ်ချက်စီမှာ

ပန်းရနံ့ကတစ်ဖက် ၊ ယမ်းရနံ့ကတစ်ဖက်

ဘယ်ဘက်ကိုအရင်လှမ်းကြမလဲ…?

ဘယ်တံဆိပ်ကို အရင်တပ်ကြမလဲ…?

အဖြူရောင်ဆိုတာ အသုံးချခံသက်သက်မျှသာ

ငါကိုယ်တိုင်က အကြည့်တွေရဲ့ခြယ်သခံခဲ့ရတဲ့နေ့



အတွေးတိုင်းက သန့်ရှင်းမရတော့အောင်မှောင်မိုက်

လှေမှောက်မှာစိုးလို့နံနှစ်ဖက်လုံးနင်းခဲ့ရ

ကန္တာရကြောက်လို့ သစ်ဆိုးပင်အောက် ခိုလှုံခဲ့ရ…

အဲ့နေ့က ယမ်းကွဲသံတွေဖောင်းဖောင်းဒိုင်းဒိုင်းကြားတိုင်း

ပြေးဝင်အိပ်စက်စရာ ကျွန်တော်ရဲ့ ကြယ်မြင်လမြင်အိမ်လေးမရှိတော့တဲ့နေ့



အဲ့နေ့ဟာ ကျွန်တော်ချစ်တဲ့

ဆရာမလေးမရှိတော့တဲ့နေ့လည်းဖြစ်မယ်

ကန္တာရဆီမှာ စစ်ရှုံးခဲ့ရတဲ့ တောင်တန်းတွေရဲ့နေ့လည်းဖြစ်မယ်

ဘာပဲဖြစ်ဖြစ် ကြည့်ကြပါဦး…

ကျွန်တော့်ရဲ့ဆရာမလေး တစ်လှမ်းချင်းထွက်ခွါသွားပုံကိုများ

ကျွန်တော့်ရဲ့ဆရာမလေး တစ်လှမ်းချင်း ကျန်နေရစ်ခဲ့ပုံကိုများ

ဘာပဲဖြစ်ဖြစ်…ဒဏ်ရာတို့ကျန်ရစ် အရာရာဟာ အနာသစ်တို့

ဖူးပွင့်ခဲ့တဲ့နေ့ဖြစ်တယ်…



ဆရာမလေးရေ…

ကျွန်တော်ချစ်တဲ့ဆရာမလေးရေ…

အဲ့နေ့ဟာ လှေမှောက်မှာကြောက်လို့

လှေနံနှစ်ဖက်နင်းခဲ့ရတဲ့ လူတစ်ယောက်ရဲ့

နာကျည်းဖွယ်ရာနေ့ဖြစ်တယ်…

လွတ်တဲ့ငါးမကြီးချင်တဲ့ လူတစ်ယောက်ရဲ့

ငါးရံ့နှစ်ကောင်ဖမ်းခဲ့တဲ့ နေ့လည်းဖြစ်တယ်…

တောင်းပန်ပါတယ်…ခေါင်းလောင်းသံတွေရယ်…

မိုးပြိုမှာကြောက်တတ်သူအတွက် ကျယ်ကျယ်လောင်လောင်သာ

မြည်တမ်းလိုက်ကြပါတော့…

ရွှေကြယ်မိုး

www.poemyae.blogspot.com

songcrazyboylay@gmail.com

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်