Friday, January 13, 2012

နှင်းဆီတွေစူးရှရှနဲ့အိပ်တန်းတက်တဲ့ကောင်မလေး-ရွှေကြယ်မိုး

ကောင်းကင်မှာ ကြယ်တစ်လုံးလို တောက်ပပြနေတဲ့ ကောင်မလေး
အိပ်မက်တွေမှာ လတစ်စင်းလို ထင်လင်းပြနေတဲ့ ကောင်မလေး
ပန်းဝတ်ရုံ တပျံ့ပျံ့နဲ့ရနံ့တစ်ခင်းစာ အဆိပ်တက်ပြနေတဲ့ ကောင်မလေး
ဘ၀ကကြိုးတွေကို လှလှပပ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြနေတဲ့ ကောင်မလေး

အစကတည်းက ကြိုးအထပ်ထပ်နဲ့ ရစ်နှောင်ချည်ခဲ့တဲ့ကောင်မလေး
အပြုံးပွင့်တွေ ဘယ်တော့မှဂျမ်းမဖြစ်တဲ့ ကောင်မလေး
မနက်၊ နေ့လည်၊ ညနေ၊ ည တချိန်လုံးဝေဆာနေတဲ့ကောင်မလေး
နွေ၊ မိုး၊ ဆောင်း ဥတုသုံးရာသီစလုံး လှပနေတဲ့ ကောင်မလေး

ဒီကောင်မလေး
ဘယ်တော့မှ မီးလျှံတွေကို ဆေးအဖြစ်နဲ့ မမြိုချဘူး
ဒီကောင်မလေး
ဘယ်တော့မှ ၀မ်းဝရုံသက်သက် မျှော်လင့်ချက်တွေကို မစားသုံးခဲ့ဘူး

မဟုတ်ဘူး၊ မကောင်းဘူး ဘယ်တော့မှ ခေါင်းမခါ မငြင်းဆန်တတ်ဘူး
ပြောရင်ပြောတဲ့အတိုင်းခေါင်းလေးညိတ် ဟုတ်တယ်ဆိုပြီး ထောက်ခံတတ်တဲ့ ကောင်မလေး
ဒီကောင်မလေး…..ကလေးလေးတစ်ယောက်လိုလည်း ဖြူစင်တဲ့ ကောင်မလေး

ကောင်မလေး…
ကောင်မလေးရဲ့အဖြူရောင်အပြုံးဟာ မှော်ဆန်ဆန်နဲ့ စွန်းထင်းစေခဲ့ရဲ့
ကောင်မလေးရဲ့ပုစွန်ဆီရောင်ညနေခင်းဟာ နှင်းဆီတွေစူးရှရှနဲ့ အိပ်တန်းတက်ခဲ့ရဲ့
ကောင်မလေးရဲ့တာ့တာလို့နှုတ်ဆက် ဝှေ့ယမ်းပြတဲ့လက်ဟာ နောက်တစ်နေ့ကို
မျှော်လင့်စေခဲ့ရဲ့…
ဘ၀မှာ…..
ဘယ်တော့မှ နောက်မကျပါစေနဲ့ ကောင်မလေး
ဘယ်အမှန်တရားရဲ့ခြေသံကိုမှနားမစွင့်မိပါစေနဲ့ကောင်မလေး
ခြေသံတဖျောင်းဖျောင်းဆိုတာ လေထန်တုန်းဟစ်ကြွေးပြဖို့ပါပဲ
နောက်တော့ ခြေရာလည်းပျောက် စိတ်လည်းနောက်သွားလိမ့်မယ်
ကောင်မလေး…
ပြီးတော့ ဘယ်တော့မှ ရှေ့မရောက်ပါစေနဲ့ ကောင်မလေး

ဒီလိုပြောတော့ ကောင်မလေးဟာ
စိတ်ညစ်ညူးသွားချင် သွားလိမ့်မယ်…
မကောင်းရာညွှန်တယ်လို့ ထင်ချင်ထင်သွားလိမ့်မယ်
မဟုတ်ဘူးကောင်မလေး…မဟုတ်ဘူး
ပန်းခင်းလမ်းတိုင်းမှာလည်း ယမ်းနံ့က သင်းနေတတ်တယ် ကောင်မလေး

ကောင်မလေးဟာ လောကကြီးက သူ့အပြုံးလောက်
မလှဘူးဆိုတာ သိချင်မှသိလိမ့်မယ်…
ကောင်မလေးဟာ ကောင်းကင်ကြီးကသူ့လောက်
မဖြူစင်ဘူးဆိုတာ သိချင်မှသိလိမ့်မယ်…
စဉ်းစားမနေနဲ့တော့ ကောင်မလေးရေ…
နေ့သစ်ကိုမရောက်ခင် အမှောင်တွေကြား ခွဲကြရတဲ့အခါ
မနက်မလင်းခင် အိပ်မက်တစ်ခင်းနဲ့ လွမ်းကြရတဲ့အခါမှာ….
ကောင်မလေး….ရေ….
ကောင်…မ…လေး…ရေ……..
                                    ရွှေကြယ်မိုး
                           shwekyalmoe@gmail.com
                           www.poemyae.blogspot.com

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်