Friday, July 27, 2012

မြို့ပြရိပ်၊ ခရမ်းပြာမြင်းရီုင်းနဲ့ ခေတ်ပြိုင်ကဗျာ ကျေးလက်-အောင်ဝေး

(၁)
သင်္ဘောပေါ်က ကြည့်ရင်
သံယောစဉ်ရင်ခွင်ကို
မြင်နေရပါပြီ။
ကျေးလက်ခြေထောက်နဲ့
မြို့ပြမှာလမ်းလျှောက်
လွမ်းလောက်မှ
တစ်ခေါက်သာ
ရွာပြန်သူခရီးဟာ
(ဆိုကြပါစို့)
ကဗျာဆရာပါ
ကွန်ကရိတော
စေးချောနက်ကြမ်း
ကတ္တရာလမ်းမှာ
သူလွမ်းတာ
တခြားဘာမှမဟုတ်
ဘာမှမရှိ
အနာဂါတ်၏ကဗျာ
ထိုနေရာ။
(၂)
သင်္ဘောဟာ
မြောင်းမြလမ်းခွဲဝ
‘စကမြား’ ဆိုတဲ့ ရွာကို
ဖြတ်ကျော်နေပါပြီ။
ရွေးမြစ်ပေါ်မှာ
ဂေါ်ဂင်ပန်းချီကားတစ်ချပ်
ငါးဖမ်းလှေတစ်အုပ်
 ဗျိုင်းတစ်အုပ်နဲ့
စုတ်ပြားခတ်ထားလေရဲ့
နေလုံးဟာ
ခေါင်းပေါ်မှာပဲ
ရှိနေပါသေးတယ်
ဟိုရှေ့မှာ
‘ဒဂုံမေ
 ရွှေပြည်သာ
 ကြာကန်’ စတဲ့
ကဗျာကျေးလက်ရဲ့
နှင်းစက်ဝေ
နွေဦး
အလွမ်းဇာတ်
အားလုံးဟာ
ဝဒ်စ၀သ်လွမ်းသလို
ငယ်ဘ၀ကို တမ်းတစေမယ်။
လူရွှန်းရွာပြန်ကို
ဖတ်ခံစားနိုင်သူ
ကဗျာနဲ့ လူဟာ
ဝမ်းနည်းနေပါပြီ
သူဟာမနေ့က
မြေငွေ့ပြာညနေ
ရွှေတောင်တန်း
လမ်းမတော်ဆိပ်
ရေရိပ်ကို နှုတ်ဆက်
ကျောက်ရုပ်ဝမ်းနည်းသလို
‘အာရှမောင်’ ဆိုတဲ့
လူခိုအိမ်သင်္ဘောထဲ
မောလျလျနဲ့
မျောပါခဲ့တာပဲ။
(၃)
ကဗျာဆရာလည်း
လှည်းတန်းလမ်းမ
ကမာရွတ်က
ထိုင်နေကျ လက်ဘက်ရည်ဆိုင်မှာ
ထိုင်လို့နေပါပြီ။
ရန်ကုန်ခံစားမှု
အနုပညာဆိုတာ
‘မောင် သူကဘယ်သူလဲဟင်’ လား။
ဒါမှမဟုတ်
ရေခဲစိမ်နှင်းဆီ
ရာဇ၀င်ချီတာ
လောကနတ်မှာ
ပီကာဆိုရှာတာ
ရွှေရောင်ဖိနပ်နဲ့
မမ လာတာ
နွေမျက်နှာကို
ဘာလီအစိမ်း
ဆေးခြယ်လိမ်းတာ
ဒါလား ဆိုတော့လည်း
မြို့ပြဟာ
ညလိုလမ်းလျှောက်
ပျောက်ကွယ်သားတယ်ကွယ်။
ဟေဂဲလ်မှ
မသိကြပဲနဲ့
အလှတရား
ခံစားရုံဆို
အိုလေ…
ချစ်ဖို့ကုန် ဘယ်လိုထုတ်မလဲနော်။
သင်္ဘောဟာ တစ်ရွာဝင် တစ်ရွာထွက်
ကျေးလက် ရေရောင် မြေရောင်
နေရောင်တွေကို ပွေ့ဖက်
ခရီးဆက်ဆဲပါ။
(၄)
ကျေးလက်ခင်ဟာ
စိတ်ထင်ချက် ရေးဟန်လွှမ်းတဲ့
ဘ၀အလွမ်းပန်းချီကား
ညနေ
ကမ်းစပ်
ရိုးပြတ်သင်းခြောက်
လမ်းလျှောက်နေတဲ့ လေ
ဝင်းပနေပါရဲ့ ဗျား။
ဘ၀နဲ့ ရည်မှန်းချက်တူရင်
ပြည်သူအတွက်သာ
ကဗျာကို
ဘာအာရုံခံစားပုံ
ဘယ်ဝိညာဉ်
ခိုလှုံဝင်ကပ်မလဲ
အနာဂါတ်မှာ
ကဗျာဟာ
ကဗျာပဲ မဟုတ်လား။
အထူးသဖြင့်
ကဗျာဆရာဟာ
မိမိအတ္တကို
မိမိပြန်တိုက်ရတဲ့ပွဲမှာ
အနုပညာရဲရင့်ဖို့
မလိုဘူးလား။
သင်္ဘောပေါ်ကနေ
‘ပြင်ရွာ’ ဘက်ကမ်း
လှမ်းမျှော်တဲ့အခါ
စမ်းသပ်ရေနံ
အလံတိုင်ဆိုက်ထူ
လင့်ခရုဇာဖြူဖြူ
‘ခေတ်သစ်ထူထောင်မည်’ ဆိုတဲ့
နဂါးနီသီချင်းကို
အမှတ်ရတယ်။
ရှည်မျောမျော ချောင်းရိုးက
ဓနိတဲအိုအို
ချွေးစိုစိုနဲ့
ဆန်ထောင်းဆဲပါ ကို။
(၅)
ဒီ…ရွေးမြစ်ကြောင်းမှာ
‘မောင်ဒေါင်း
 မြေနု
 နှင်းလှဖြူ(ရက္ခိုင်)’ တို့လေ
အခိုင်အမာ
ကဗျာကို ချစ်ခဲ့သူတွေ။
အိပ်မက်ပဲလား
သင်္ဘောထဲမှာ
ကျေးလက်တစ်ပိုင်း
မြို့ပြတစ်ပိုင်းနဲ့
ခရမ်းပြာ မြင်းရိုင်းတစ်ကောင်
ဒုန်းဆိုင်းလာတယ်
ခွါသံတွေညံတယ်။
ဟို…အဝေးက
ရေဆေးပျော့ပျော့နဲ့
ဖျော့မှောင်နေတာ
ဒါ…ရာဇ၀င်ထဲက
လွန်းတောင်…လွန်းတောင်…။

(၆)
‘သြဇာလွှမ်းနိုင်တဲ့
 အနုပညာရှင်တွေမှာ
 ကိုယ်ပိုင်နည်းဟန်တွေရှိတယ်’ လို့
စေဇန်ပြောခဲ့သလို
အို…ကျေးလက်ငဲ့
ကိုယ်ပိုင်ဟန် ရှိပါစ။
ရွေးမြစ်ဝှမ်း ယဉ်ကျေးမှုဆိုတာ
ကူဘိုတာ ဖုတ်ချက်
ထွန်တုံးပျက်နဲ့
ငါးဖမ်းပိုက်ပါ။
သင်္ဘောဟာ
နွံဝါရောင်တွေကို
ကျော်ဖြတ်နေပါတယ်
မြစ်လှိုင်းပုခက်ထဲ
နေရောင်လည်း
ခဲအေးစ ပြုလာရဲ့…။
ဒီလိုအချိန်
‘လိမ္မော်ရောင်တွေ ဝေပြီဆိုရင်…’ ဆိုပြီး
မြေနီကုန်း
အဖြူဆိုင်လမ်းကြား
လွမ်းအားပိုမိတဲ့ ကဗျာဆရာ။
ဗူးစင်စိမ်းလေး အုပ်ဝေနေတဲ့
ရွှေရောင်တဲကုပ်
စာချောက်ရုပ်
လှုပ်ယိမ်းနေတာမြင်တော့
ရယ်ချင်ပြန်တယ်
နောက်ဆုံးတော့
သူဟာ
လူတော်ရွာ သချိုင်းကုန်းလေးကိုပဲ
ငေးရီရင်း မောလျနေတော့တယ်။
(၇)
နေညိုမှောင်စ
ရွှေအိုရောင် လှလို့နေပါပြီ။
ရွေး မြစ်သား ကဗျာဆရာ
သူ ဘာကိုမှ သတိမရတော့ဘူးကွယ်
လူ့ဘ၀ဆိုတာ
လှပတဲ့ ပြဇာတ်တစ်ပုဒ်ပဲ
ဖြစ်သင့်ပါတယ်
ညဆိုတာ
ချစ်ရေဒအတွက် ဖြစ်လာတာ
ကဗျာသမား အလွမ်းဆိုတာ
ထိုအရာ ဆူပွက်ရင်
ဖြူရှတဲ့ရေရောင် အရက်
လက်လှလှနဲ့ ပွေ့ဖက်
ညဥ့်နက်နက်မှာ
ကျေးလက်ဆန်ပစ်ရတာပဲ
မဟုတ်လား။
အို…ရှေ့မှာ
‘ရွှေပြည်သာ’
 မေ့ရဲ့ ရွာပါလား…ဟဲ့။
ဟိတ်…
ကဗျာဆရာ လာပြီဟေ့
မြင်းရိုင်းလာပြီဟေ့
မီးမထွန်းကြပါနဲ့ဦး
ညကို ခဏလောက်မေ့ထားကြစမ်း
လရောင်နည်းနည်းရှိရင်
နည်းနည်း လမ်းဆက်လျှောက်ရမယ်။    
                                      အောင်ဝေး

1 comment:

  1. Bally's Casino at San Manuel, Texas - JamBase
    Get the latest Bally's casino news, including 남양주 출장샵 updated live 세종특별자치 출장샵 dealer 계룡 출장마사지 reviews, player reviews, promotions, news, 구리 출장안마 features 김해 출장마사지 and more.

    ReplyDelete

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်