Friday, July 27, 2012

အရှေ့ရိုးမပေါ်က ညစာ-အောင်ဝေး


(၁)
အရှေ့မြို့ရိုးရဲ့
ရေချိုးပြီးစည ၊ လှပနေပါပြီ။
မီးခိုပြာမြမြ
လှိုင်းခုံးထ ခရမ်းရောင် ၊ ကြယ်ရောင်လရောင်
မညိုမှောင်ခင်
တောင်ခြေကို ကပ်ကြတော့မယ်။
‘ဒါ…နောက်ဆုံးအခေါက်ပဲနော်’
ရိုးထဲရေထဲ ၊ ထင်းလှည်းဝါးလှည်း
ဟောဟဲဆူညံ၊ တောလှည်းအူသံ
ပူပန်စရာ
ကဗျာတစ်ပုဒ်။
ရိုးမရဲ့နွေ
သေပြီ။
စစ်တောင်းမြစ်ကမ်းပါး
အလွမ်းများနဲ့
နွမ်းပါးတဲ့ ရွာတွေ
နွေကိုဖြတ်သန်းခဲ့
စိမ်းလန်းတဲ့ အိပ်မက်တွေ
ငြိမ်သက်ကြွေကျခဲ့
ညကတော့
မှောင်ခဲ့ပါပြီ။
(၂)
ဧသန်လေထဲ
တောင်ခြေရွာ မည်းမည်းလေး
လွမ်းဆွေးနေရှာတယ်။
‘ကိုင်း…နားလိုက်ကြဦးစို့
 ဖေ့သားကြီးတို့ရယ်’
မီးရောင်မဲ့ည
လင်းဖွဲ့လိုက်ကြ ၊ အခိုက်အတန့်မှာ။

မိုးနံ့ကလေးသင်း
ရိုးပြန့်ကလေးလင်း
ဝါးထင်းငုတ်တော၊ နွားချင်းရှုပ်ရော
မောလိုက်တာ
လှည်းစခန်းတစ်ဝိုက်ဟာ
စိုအိုက် မြေပြာလွ
ရိုးမကတ္တီပါစ
ဖြန့်ချနေပါရဲ့။
မီးပုံထွန်းညှိ
နွမ်းရိလှုပ်ခတ်၊ ရုပ်အဖွဲ့အစည်း
မပြီးသေးဘူးလေ
လှည်းဦးဒေါက်ထောက်
သစ်ပင်အောက်၊ ၀ါးရုံအောက်
နွားငေါက်သံ ၊ ဓါးပျောက်သံ
ဆူညံပဲ့တင်ထပ်ပြန်တယ်။
(၃)
မှိုင်းပြတဲ့
အရှေ့ည၊ လွမ်းတခဲ့ပြီ
ကြယ်စလစ
မျက်စမှိတ်လင်း၊ ဆန်အရက်ပြင်းပြင်းတစ်ခွက်
အိပ်မက်တောင်မှ မမက်ရရှာဘူးကွယ်
အရုဏ်တက်ရင်
အရှေ့တခွင်လုံးနီ၊ နေရီရီရိုးမ
နိုးထလို့လာမယ်
သစ်ခွပြာရဲရင့်
မုန်တိုင်းသင့်သတဲ့
ရင်ဖြင့်ရင်းနှီး၊ မပြီးဆုံးသော
တောကြီးဟေ၀န်မှာ၊ နွေလွန်ပေမယ့်
တို့မလွန်သေးဘူး
မလွန်သေးဘူးကွယ်။
မနက်မလင်းခင်
ချဉ်းကပ်တောင်ပေါ်၊ လျှိုမြောင်တိုးရှဲ
ရိုးချောင်းစုန်ဆင်း၊ ထင်းဖြတ်သမား
ရှင်းပြတ်သွားတော့မယ်။
ဝါးခုတ်သမား
ဓါးထုတ်ထားရော့မယ်။
(၄)
ဆာလောင်မှုမြင်းရိုင်းရထား
အတင်းစိုင်းသွား
ထမင်းဝိုင်းကြားမှာ
ကွဲအက်စို့ညပ်
ရိုးမရဲ့လက်တွေ၊ ရှုပ်ယှက်ခတ်
ထမင်းတစ်နပ်ဟာ
အာလူးဟင်းတစ်ဖက်နဲ့
အလွမ်းဇာတ်ပေလား။
အရှေ့ရိုးမကိုလွမ်းတုန်း
နောက်ဆုံးအခေါက်၊ နောက်ဆုံးညစာ
ကဗျာမဆန်တဲ့ ရုပ်ပုံလွှာ
ဗန်းဂိုးရေ
ဆွဲလိုက်ပါလား
ရိုးမထဲက
အာလူးစားသူများ။       
                   အောင်ဝေး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်