Tuesday, August 7, 2012

မိုးရေမျက်ရည် တဖွေးဖွေး (အောင်ဝေး)

ကိုအောင်ဝေးရဲ့ ကဗျာတွေကို ဆက်လက်စုဆောင်းရရှိနေပါတယ်။ မကြာခင်မှာပဲ စုံလင်စွာ
တင်ပေးပါ့မယ်...။
ရွာငယ်ဇနပုဒ်
မီးလေးမှိတ်တုတ်
ရင်ခလုပ်နှိပ် တေးသံတိတ်ပြီ
ဒိတ်ဒိတ်
ဒိတ်ဒိတ်
စိတ်နှင့်ရင်ခုန် မှုန်ရီေ၀၀ါး
ငါးရှာသလား ဖားပါသလား
လယ်ကွင်းရိုးများ ကန်သင်းကြား
မြွေပါးကင်းပါးမကြောက်
လမ်းပျောက်နေတဲ့ ကလေးငယ် ။
ဒီဇယ်မီးခွက်
တဲအိုထက်
စာရွက်ပေါ်က
ထမင်းကျနိုး ဟင်းကျနိုး
ပညာရွှေအိုး
လူမခိုး
တိုးတိုးဖတ်ပါသားရယ်..တဲ့
အမေနိုးနေတယ် ။
မနက်ကည
ဝမ်းခါးမလှ
နေ့တဓူဝ ရုန်းကန်ရ
မုဆိုးမအမေ
လယ်ထွန်မြေဆွ ပင်ပန်းလှ
လမဲ့တစ်ည အိပ်မရတော့
ဘ၀လယ်သူကူပါ့မယ်
အိပ်မက်ငယ်တို့ ပျက်ပြယ်သွား
ပင်လယ်ဝေပေါ့ ဒုက္ခများ ။
မနက်လင်းတော့
ဆင်းရဲတဲ့သား ငါးရောင်းပြီးမှ
ကျောင်းကိုသွား
နွမ်းပါးချို့ ငဲ့
ဆင်းရဲတဲ့အမေ
သေသူကိုလွမ်း သားကိုလွမ်း
အလွမ်းများနဲ့
စပါးခင်းဝင် ကောက်ငန်းပြင်
ထိုစဉ်
ပါးပြင်စိုသွား မြေစိုသွား
မျက်ရည်ပေလား မိုးရေလား
မိုးရေပေလား မျက်ရည်လား ..။
                             အောင်ဝေး


2 comments:

  1. တကယ်ခံစားရပါတယ်။ အရမ်းကောင်းပါတယ်။

    ReplyDelete
  2. အားပေးနေပါတယ်

    ReplyDelete

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်