Wednesday, January 25, 2012

ရွှေငါးလေးနဲ့ဝေးဝေးကနေ့စွဲတွေ-၄-ကိုသျှား

ရွှေငါးလေးနဲ့ဝေးကွာနေရတဲ့ဘ၀ဆိုတာ
အရှင်လတ်လတ်ငရဲခန်းများလား
အရူးအမူးစွဲလန်းစိတ်ဟာ
အာရုံကို တတိတိ ကိုက်ဖြတ်ဝါးမြိုနေတယ်

ရွှေငါးလေးမှာ
ဘ၀ဆန်တဲ့အနာဂတ်စိတ်ကူးတစ်ခု ရှိခဲ့တယ်
ကျွန်တော့်မှာ
စိတ်ကူးယဉ်ဆန်တဲ့အနာဂတ်ဘ၀တစ်ခု ရှိခဲ့တယ်
အရာရာနဲ့အကြောင်းကြောင်း သရုပ်ဆောင်နေရတဲ့
တင်ဆက်မှုဟာ လူ့ဘဝ
ကျွန်တော့်အရာရာ
သူ့အကြောင်းဆီ မမီမကမ်း တွေးခေါ်တယ်
သူ့အရာရာ
ကျွန်တော့်အကြောင်းဆီ စုပ်တသတ်သတ် ရယ်မောမယ်

လက်ဖက်ရည်ဆိုင်နဲ့စာအုပ်တွေ သူ့အတွက် မလိုအပ်ခဲ့သလို
ရုပ်ရှင်ရုံနဲ့ဖက်ရှင်ရှော့(ပ်)တွေ ကျွန်တော် ငြင်းပယ်ခဲ့တယ်
ဘယ်လိုလှပတဲ့ကြိယာဝိသေသနတွေမှ မပါဘဲ
ကျွန်တော်တို့နှစ်ယောက် ရိုးရိုးလေးပဲ ဝေးခဲ့တယ်

ကျွန်တော်ပြောပြခဲ့တဲ့ချစ်ခြင်းမေတ္တာကိုတောင်
နားမလည်ခဲ့တဲ့သူဟာ
ကျွန်တော်ပြောမပြခဲ့တဲ့
ကျွန်တော်တုန်လှုပ်တတ်မှုတွေအကြောင်း
နားမလည်ခဲ့တာ ဆန်းတော့ မဆန်းဘူး

ရွှေငါးလေး မရှိရင် . . .
နေ့ရက်တိုင်းဟာ ပြဿဒါးပဲ
အရိပ်ဟာ ရန်သူပဲ
ကိုယ့်အိမ်ကိုယ့်ယာလည်း ဖုန်းဆိုးမြေပဲ

ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ ကြည့်မမြင်ပြောမကြား ဆွံ့အနားပင်းပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ အရိုင်းအစိုင်းလူပေလူလွင့်ပဲ
ရွှေငါးလေး မရှိရင် . . .
ကျွန်တော်ဟာ သေလူပဲ
                                                        ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်