Saturday, January 28, 2012

ချစ်၍ခေါ်ရာလိုက်ခဲ့ပါ-ကိုသျှား

မုန်တိုင်းထန်တဲ့စကားလုံးတွေနဲ့ ဝေးရာ
သွေးမစစ်တဲ့အကြည့်တွေနဲ့ ဝေးရာ
အငြိုးအတေး၊ အာဃာတတွေနဲ့ ဝေးရာ
ကိုယ့်ရဲ့တစ်နိုင်တစ်ပိုင်တောင်ယာတဲလေးဆီ
ညီမလေး အရောက်လာခဲ့ရင် . . .

ညီမလေးဆီ ပွတ်သပ်တိုးဝှေ့လာမယ့်လေပြည်ညင်းဟာ
ညီမလေးကိုစွဲလောင်နေတဲ့မောဟမီးတွေကို
တိုက်ခတ်ငြှိမ်းသတ်ပေးလိမ့်မယ်
ညီမလေးရဲ့ပခုံးပေါ်
ညင်ညင်သာသာ လာနားမယ့်ငှက်ကလေးဟာ
သူတို့အသိုက်အမြုံရဲ့နွေးထွေးလုံခြုံတဲ့
ချစ်မက်ဖွယ်နေ့စွဲလေးတွေအကြောင်း
ညီမလေးကို တေးသီပြလိမ့်မယ်
ညီမလေးကို မတွေ့ဖူးခင်အချိန်ထိ
အလှမာန်ဝင့်ခဲ့တဲ့တောပန်းကလေးတွေဟာ
ညီမလေးလျှောက်မယ့်လမ်းမှာ
သူ့ထက်ငါ အလုအယက် ကြွေကျကျောခင်းပေးကြလိမ့်မယ်

ညီမလေး မြင်ရမယ်
ဝံပုလွေတွေခြံရံပြီး
စားကျက်မှာ အေးအေးလူလူ မြက်စားနေမယ့်သိုးကလေးတွေ
ကြောင်တစ်ကောင်ရဲ့နှုတ်ခမ်းမွှေးကို အကြောက်အလန့်မရှိ
ဆွဲနှုတ်ကျီစယ်နေမယ့်ကြွက်ကလေးတွေ

အပူအပင်ကင်းကင်း စီးဆင်းနေတဲ့စမ်းချောင်းလေးနဲ့
လေယိမ်းတိုင်းလှ ကိန္နရီကသလို ကောင်ပင်တို့ရဲ့
သွေးရင်းသားရင်းချစ်ခြင်းတရားကိုလည်း
ညီမလေး ခံစားကြည်နူးရလိမ့်မယ်

ယုန်သူငယ်အလား ထင်မှတ်မှားရမယ့်
ခြင်္သေ့တစ်ကောင်ရဲ့ဘေးက
ခြင်္သေ့လည်ဆံမွှေးလို ဆံပင်တွေ
ဂုတ်ပေါ်ခပ်ရိုင်းရိုင်းဝဲကျနေတဲ့လူတစ်ယောက်ဟာ
ရဲရင့်ဝင့်ကြွားတဲ့ပန်းဘုရင်မတစ်ပါးရဲ့ ခြေအကြွ လက်အမမှာ
ရင်သပ်ရှုမော ဆွံ့အသွားလိမ့်မယ်

ညီမလေးရဲ့ရှုံးနိမ့်မှုတွေအတွက်
မြားလို ထိုးစိုက်လာမယ့်လက်ညှိုးတွေ မရှိဘူး
ညီမလေးရဲ့အောင်မြင်မှုတွေအတွက်
မျက်ရည်ကျအောင် ဂုဏ်ယူတတ်တဲ့
အရိုးခံသက်သက်ဖြူစင်မှုတွေ ရှိတယ်
ညီမလေးရဲ့ဒဏ်ရာဒဏ်ချက်တွေအတွက်
စုပ်သတ်သလိုလိုနဲ့
ကြိတ်ပျော်နေမယ့်မျက်နှာဖုံးတွေ မရှိဘူး
ညီမလေးရဲ့အာရုံခြောက်ပါးအတွက်
မတောင့်တမကြောင့်ကြဘဲ ပြည့်စုံစေမယ့်
အဖြည့်ခံခြင်းတွေ ရှိတယ်

အရူးမလေးတစ်ယောက်လို
တောပန်းတွေ ဝေနေအောင် ပန်ပြီး
နွယ်ဒန်းမှာ ထိုင်နေမယ့်ညီမလေးကို
ယိမ်းခတ်တယ်ဆိုရုံ ကိုယ်က ဖြည်းဖြည်းလေး လွှဲပေးမယ်
စမ်းချောင်းလေးထဲ ခြေခတ်ဆော့ကစားပြီး
ညီမလေး ကြည်နူးပျော်ရွှင်နေတဲ့အခါ
ကိုယ်က ညီမလေးကို ပြုံးပြီး ကြည့်နေမယ်

ချမ်းစိမ့်တုန်ခိုက်တတ်တဲ့ညတွေမှာ
ညီမလေးနဲ့ကိုယ်ရယ်
ကိုယ်ရဲ့အဖော်မွန်လူဝင်စားတိရစ္ဆာန်လေးတွေရယ်
မီးပုံတစ်ပုံရဲ့ဘေးမှာ ၀ိုင်းဖွဲ့ပြီး
အကြင်နာတေးတွေကို သံပြိုင်သီဆိုကြမယ်
စာနာနားလည်မှုကဗျာတွေကို အတူတူ ရွတ်ဆိုကြမယ်

အကျင့်သီလနဲ့ပြည့်စုံတဲ့
နိဗ္ဗာန်မကူးမီတစ်ဖက်ကမ်းမှာ ရပ်ရင်း
ကိုယ့်ဆီ အရောက်လာမယ့်
ညီမလေးတစ်ယောက်ရဲ့ပုံရိပ်ကို
စောင့်မျှော်ငေးမောလို့ကိုယ့်မှာ . . .
                                               ကိုသျှား

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်