Monday, November 28, 2011

အရိပ်ခါး-ရွှေကြယ်မိုး

အတိတ်တွေအားလုံး
အနာတရတွေနဲ့ ချည်းပဲ
အားလုံးကိုခြုံကြည့်မယ် ဆိုရင်တောင်မှ
နှင်းစွတ်စွတ်ဖြူမနက်ခင်းတွေကအစ
စိတ်ပျက်စရာကောင်းနေတာ တွေ့ ရလိမ့်မယ်

အချိန်ကိုနောက်ပြန်လှည့်နိုင်မယ့်ယန္တရားများ
မထွင်မိကြပါနဲ့ …
အတိတ်မှာ…
ပျက်စီးနေတဲ့ ဟီရိုးရှီးမားမြို့ ကြီးရယ်
ပြည်တွင်းစစ်တွေရယ်
ဆူနာမီတွေရယ်ကလွဲလို့  ခင်ဗျားတို့ လိုချင်တာတွေ
ရှိမယ်မထင်ဘူး

မနက်ဖြန်တွေကို မျှော်ကြည့်ပြန်တော့
နူကလီးယားအက်တမ်တစ်စ ပုခုံးကိုလာပုတ်တယ်
အလန့် တကြားနဲ့ ပစ္စုပ္ပန်ဆီ ပြန်လာတော့လည်း
…………
မထူးဘူးတဲ့ကွယ်

အဲ့ဒီ့မှာ…
ဝုန်းဝုန်းဒိုင်းဒိုင်း ပစ်ခတ်သံတွေရှိတယ်
စိုးရိမ်ထိတ်လန့် နေရတဲ့ညတွေရှိတယ်
ကျမ်းစာထဲမှာ မပါလိုက်ရတဲ့နေ့ တွေရှိတယ်
ငိုနေတဲ့ကလေးတွေရှိတယ်…
ဆာလောင်မွတ်သိပ်နေတဲ့ အမျိုးသမီးတွေရှိတယ်

ဖြစ်နိုင်ရင်…
လောကတစ်ခုလုံးကိုဖျောက်ပစ်လိုက်ချင်ရဲ့
စိတ်ကိုစိတ်ကလက်ထိပ်ခတ်မိတဲ့အခါ
ပန်းသီးတွေက အစခါးတယ်
ပြောချင်တာက…
အဲ့ဒီ့မှာ…
နို့ ဘူးကုန်လို့ ငိုနေရှာတဲ့ ခင်ဗျားသမီးလည်းရှိတယ်
ငွေမရှိလို့ မှိုင်နေရှာတဲ့ မီတာစာရွက်တစ်ရွက်လည်းရှိတယ်
“အတန်းပိုင်ဆီမှာ ကျူရှင်မတက်ရင် မအောင်နိုင်ဘူး”လို့ 
ပြောနေတဲ့ဆရာမတစ်ယောက်လည်းရှိတယ်
ရွှေကြယ်မိုး

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်