Friday, February 17, 2012

ထိပ်ထားသို့ဖွဲ့တည်သော-သက်တန့်ချို

ထိပ်ထားရေ . . .
ဖြတ်သန်းရင်း လှိုင်းဟာ ကြမ်းသထက်ကြမ်းလာတယ်
မြင်နေခွင့်ဟာ . . ဟိုးအဝေးမှာ မှုန်ပြပြနဲ့
ကမ်းစပ်တစ်ခုလား . . .ကျောက်ဆောင်တစ်ခုလား
ကောင်းကင်ပြာပြာကတော့ . . .သူနဲ့မဆိုင်သလို
အေးစက်စက်နဲ့ကွယ် . . .

ထိပ်ထားရေ . . .
ကဗျာလေးတွေ ဖတ်ရရဲ့လား
ဖွဲ့သီမှု တစ်ဖက်စွန်းက အလင်္ကာပေါင်းများစွာဟာ
ဘောင်ခတ်ထားခြင်းနယ်ပယ်ထဲကနေ
လူးလွန့်ပျံသန်းချင်နေကြရဲ့
ဟိုး အဝေးက . . .လေပြည်တွေနဲ့တောင်တန်းတွေဆီ . . .

ထိပ်ထားရေ . . .
အလွမ်းတွေကို ပျိုးယူမထားနဲ့နော်
ကြည်နူးရီဝေခြင်းရဲ့အနောက်
ကြေကွဲဝေးလွင့်ခြင်းတွေဟာ
သခါင်္ရရဲ့ ဓမ္မတေးသံအောက်
မျက်ရည်များနဲ့လည်း ဝေးစေချင်တယ်

ထိပ်ထားရေ . . .
သတိရခြင်းများစွာ စိုးမိုးနေတယ်
ဘယ်သူကများ လှုပ်နှိုးခဲ့တာပါလိမ့်
အိပ်မရတဲ့ ဥာဉ့်နက်တိုင်းမှာ
သတိရခြင်းတွေကို ရွက်လွှင့်လို့
မျက်တောင်လေးတွေ ...တဖျက်ဖျက် ၀င့်
ဒီတစ်သက်စာ . . မြတ်နိုးခွင့်ဟာ
ကဗျာထဲက . . နှင်းဆီပွင့်လေးလို . . .

ထိပ်ထားရေ . . .
ဖြစ်တည်မှုလေးတစ်ခုကိုတော့
မရုတ်သိမ်းလိုက်ပါနဲ့ကွယ်
ငါ့ကမ္ဘာမှာ . .
မိုးဟာ ခဏခဏ သည်းတယ်
ဗုံမတီးပဲနဲ့ ကောင်းကင်ဟာ ခဏခဏ မည်းတယ်
တို့ အိပ်မက်တွေအဖြစ်
ကဗျာလေးတွေ ဆက်ချစ်နေချင်တယ် . . .

ထိပ်ထားရေ . . .
နှင်းဟာ အာရုဏ်တက်ချိန်မှာ လွင့်ပါးရ
ဖြစ်ခြင်းပျက်ခြင်းဆိုတာ
ဓမ္မရဲ့ အမှန်တရားပေမင့်
ကိုယ့်တကိုယ်ရေစာ . .
သတိတရားအချို့ကိုသာ
အနိုင်နိုင်ပျိုးနေရ . .
ဘ၀က . .ခပ်တိုတိုလေးမို့သာ . . .

ထိပ်ထားရေ . . .
ကဗျာလေးတွေ . . .
ငါ့ ကဗျာလေးတွေ . . .
အလင်္ကာလေးတွေနဲ့ သီဖွဲ့
ဖတ်ရတာ ချိုသာလွန်းပါရဲ့
ခံစားချက် အလွမ်းတွေကသာ နင့်သီးလွန်းလှတယ် . . .
                                          သက်တန့်ချို
ဒီကဗျာလေးကတော့ သက်တန့်ချိုဆိုတဲ့ ဆိုက်လေးထဲက ရတာပါ
နှစ်သက်မိတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်

No comments:

Post a Comment

ခုလိုလာတာကျေးဇူးပါ

ဟောဒီဆိုက်လေးရဲ့ အကြီးမားဆုံးရည်ရွက်ချက်

၁။ မြန်မာနိုင်ငံရှိ ဖတ်ခဲ့ဖူးသော ကဗျာများထဲမှ ကိုယ်နှစ်သက်ခဲ့သော
ကဗျာများကို ပရိတ်သတ်ဆီသို့ ပြန်ပြသပေးရန်
၂။ ကဗျာကိုမြတ်နိုးတန်ဖိုးထားသူတို့အတွက်
ကဗျာများကို အလွယ်တကူ ဖတ်ရှုနိုင်ရန်
၃။ တခြားပြင်ပအကြောင်းအရာများ မစွက်ဖက်ပဲကဗျာတစ်ခုတည်းသက်သက်
အခြေစိုက်စခန်းကောင်းဖြစ်ရန်